ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေ အစိုးရဟာ ဇွန်ဘီအစိုးရလို့ လေဘာခေါင်းဆောင် ခေါ်ဆို

ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, လူသေကောင် အသက်သွင်းထားတဲ့ အစိုးရ

ထရီဆာမေ ဦးဆောင်တဲ့ လက်ရှိ ယူကေအစိုးရဟာ ဇွန်ဘီအစိုးရပဲလို့ လေဘာခေါင်းဆောင် ဂျယ်ရမီကိုဘင်က ခေါ်ဆိုလိုက်ပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိတာကြောင့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် အမြန်ဆုံး ကျင်းပဖို့ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။

ဇွန်ဘီဆိုတာ ရုပ်ရှင်တွေထဲ ဖန်တီးထားတဲ့ စိတ်ကူးယဉ် ဇာတ်ရုပ်ဖြစ်ပြီး လူသေကောင်တွေကနေ ပြန်ပြီး အသက်ဝင်လာတဲ့ (ဖုတ်၀င်လာတဲ့) ကြောက်စရာ သတ္တဝါတွေ ဖြစ်ပါတယ်။

ပါလီမန်ထဲ ထရီဆာမေ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းထားတဲ့ မစ္စတာကိုဘင်ဟာ ဒီနေ့ (ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၁၆ ) မဲမခွဲကြခင် ဘာ့ကြောင့် ဝန်ကြီးချုပ် မေရဲ့ အစိုးရကို ဖြုတ်ချသင့်သလဲ ဆိုတဲ့ သူ့ရဲ့ မိန့်ခွန်းထဲ အခုလို ဇွန်ဘီ အစိုးရ ဆိုပြီး ခေါ်ဝေါ် လာတာ ဖြစ်ပါတယ်။

အီးယူထဲကနေ ဗြိတိန်နုတ်ထွက်ရေး ဘရက်ဇစ်နဲ့ ပတ်သက်တဲ့ ဝန်ကြီးချုပ်မေရဲ့ အစီအမံတွေကို ရာနဲ့ချီတဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ် အမတ်တွေ အပါအဝင် ပါလီမန် အမတ် အများစုက အရင်တစ်ရက် အင်္ဂါနေ့ကပဲ ပြတ်ပြတ်သားသား ပယ်ချ ခဲ့ပါတယ်။

ဒီနောက် အတိုက်အခံ လေဘာခေါင်းဆောင် ဂျယ်ရမီကိုဘင်က ဝန်ကြီးချုပ် ထရီဆာမေ အစိုးရ အပေါ် အယုံအကြည် မရှိကြောင်း အဆို တင်ခဲ့တာပါ။

ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, မျက်နှာချင်းဆိုင် အပြင်းအထန် ဝေဖန်ကြတဲ့ ယူကေ ပါလီမန် ဒီမိုကရေစီ

ပါလီမန်ထဲ စံချိန်တင်လောက်အောင် မဲအပြတ်အသတ် ရှုံးနိမ့်ပြီး ဘရက်ဇစ် အစီအစဉ်တွေ ငြင်းဆို ခံလိုက်ရတဲ့ ထရီဆာမေ တစ်ယောက် တကယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်သွားသင့်တယ်လို့ မစ္စတာ ကိုဘင်က ပြောပါတယ်။

ရွေးကောက်ပွဲတစ်ရပ် အချိန်မတိုင်ခင် စောပြီး အမြန်ဆုံး ကျင်းပပေးဖို့လည်း မစ္စတာကိုဘင် ဆော်ဩထားနှင့်ပြီး ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ တိုင်းပြည်အတွက် ဘယ်လို အကျိုးမှ ရှိလာမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်မေက တုံ့ပြန်ထားပါတယ်။

ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, ပါလီမန်အပြင်ဘက်မှာလည်း သတင်းမီဒီယာတွေ အီးယူနဲ့ တွဲရေးသမားတွေ တွေ့နေခဲ့ရ
ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, တွဲရေးဝါဒီ
ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, အီးယူထဲ ဆက်နေတာသာ အကောင်းဆုံး သဘောတူမှု

အယုံအကြည်မရှိ အဆို မဲခွဲကြတဲ့အခါ …..ဘာတွေ ဖြစ်လာနိုင်လဲ

အတိုက်အခံတွေဘက်က တင်းသွင်းတဲ့ အယုံအကြည် မရှိ အဆိုကိုတော့ ဗုဒ္ဓဟူးညဦးပိုင်း ၇ နာရီမှာ မဲခွဲကြမှာ ဖြစ်ပါတယ်။

ပါတီတွင်း အယုံအကြည် မရှိ အဆိုကို ကျော်လွှားပြီး ဝန်ကြီးချုပ်ရာထူး နေရာမှာ မြဲနေတဲ့ မစ္စစ်မေဟာ အခု တစ်ကြိမ် အတိုက်အခံတွေရဲ့ အယုံအကြည်မရှိ အဆိုကိုလည်း ကျော်လွှား နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ထရီဆာမေကို ဆန့်ကျင်ပြီး ဘရက်ဇစ် အစီအမံတွေကို ငြင်းဆို ခဲ့ကြတဲ့ ကွန်ဆာဗေးတစ် အမတ်တွေဟာ ဒီ အယုံအကြည်မရှိ အဆိုမှာတော့ ဝန်ကြီးချုပ်ကို ထောက်ခံမှု ပေးလာမယ်လို့ သုံးသပ်ရပါတယ်။

လေဘာခေါင်းဆောင် မစ္စတာကိုဘင်ရဲ့ အဆိုကို ထောက်ခံနေကြတဲ့ တခြား နိုင်ငံရေး အင်အားစုတွေလည်း ပါလီမန်ထဲ ရှိနေပါတယ်။

ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, အယုံအကြည်မရှိ အဆိုကိုတော့ မစ္စစ်မေ ကျော်နိုင်လိမ့်မယ်လို့ ခန့်မှန်းနေ။

စကော့တလန်အမျိုးသားပါတီ SNP ၊ လစ်ဘရယ်ဒီမိုကရက်ပါတီ၊ ပလိုက် ကမ်ဘရီ လို့ခေါ်တဲ့ ဝေလပြည်နယ် လွတ်လပ်ရေးလိုလားတဲ့ ဆိုရှယ်ဒီမိုကရက် ပါတီနဲ့ ဂရင်းပါတီတို့က အမတ်တွေဟာ ဝန်ကြီးချုပ်ကို အယုံအကြည် မရှိတဲ့ဘက်က မဲထည့်လာဖို့ ရှိပါတယ်။

ဒါပေမယ့်လည်း ဒီအဆို အောင်မြင်ဖို့ ခက်တယ်လို့ လေဘာ ထိပ်သီး ခေါင်းဆောင်တွေ မျက်မှောက်ပြုထား ကြပါတယ်။

အခုတခါ မအောင်မြင်ခဲ့ရင်လည်း အယုံအကြည် မရှိ အဆိုတွေ ပါလီမန်ထဲ ထပ်တင်နေမှာ ဖြစ်တယ်လို့တော့ လေဘာပါတီက ပြောပါတယ်။

အီးယူဘက်က ဘာတွေ ပြောနေလဲ

ထရီဆာမေ အရှုံးကြီးရှုံးခဲ့တဲ့ အင်္ဂါနေ့ မဲခွဲပွဲ အပြီးမှာတော့ ဘရက်ဇစ် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဗြိတိန် ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကိုဘယ်လိုနည်းနဲ့ ကျော်လွှားနိုင်မလဲ ဆိုတာကို အီးယူ ခေါင်းဆောင်တွေ ဘက်ကလည်း အသီးသီး စဉ်းစားနေကြပါတယ်။

ထရီဆာမေ အစိုးရ အနေနဲ့ နောက်တစ်ဆင့် ဘာဆက်လုပ်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ချပြဖို့လိုတယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာ့ကဲလ်က တိုက်တွန်းပါတယ်။

ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, နိုးဒီးလ်နဲ့ ထွက်မှာကို မလိုလားတဲ့ ဂျာမနီ ဝန်ကြီးချုပ်

အီးယူနဲ့ကြား အနာဂတ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သဘောတူမှု တစ်စုံတစ်ရာ မယူပဲ နိုးဒီးလ်ဘရက်ဇစ် အဖြစ် နုတ်ထွက်လာနိုင်တယ် လမ်းကြောင်းကိုလည်း မစ္စစ်မေက လုံးဝ ပယ်မချပဲ ရွေးချယ်စရာ လမ်းတစ်ခု အဖြစ် ကိုင်ထားပါတယ်။

ဝန်ကြီးချုပ် မာ့ကဲလ်ကတော့ သဘောတူမှု မယူပဲ နိုးဒီးလ် အဖြစ် ဗြိတိန် နုတ်ထွက်ရတဲ့ အဖြစ်မျိုးထက်စာရင် စနစ်တကျ သဘောတူမှု နားလည်မှုတွေ ရယူပြီး နုတ်ထွက်သွားနိုင်မယ့် လမ်းကြောင်းမျိုး ရှာနိုင်ဖို့ ကြိုးစားလိုတဲ့ ဆန္ဒ ရှိနေကြောင်း ပြောပါတယ်။

မစ္စစ်မေရဲ့ အစီအစဉ်တွေကို ဗြိတိန်ပါလီမန်က ငြင်းဆိုလိုက်တာဟာ နိုးဒီးလ် ဘရက်ဇစ် ဖြစ်လာဖို့ တွန်းပို့သလိုပဲ ဆိုပြီး ဝေဖန်ကြတဲ့ အီးယူ ခေါင်းဆောင်တွေလည်း ရှိပါတယ်။

ဘရက်ဇစ် အရေး နှစ်ဘက် ညှိနှိုင်းမှုတွေမှာ အီးယူဘက်က တာဝန်ယူ ဦးဆောင် ဆွေးနွေးတဲ့ မီရှဲလ် ဘာနီယေးလည်း ဗြိတိန်ဘက်က နောက်တစ်ဆင့် ဘာလုပ်မလဲ ဆိုပြီး မေးခွန်း ထုတ်ကြသူတွေထဲ ပါဝင်ပါတယ်။

ဘရက်ဇစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အချိန်သိပ်မကျန်တော့ဘူးလို့ သတိပေးသူ မစ္စတာယန်ကာ

ဥရောပ ကော်မရှင် ဥက္ကဌ ယန်ကလော့ဒ် ယွန်ကာကလည်း အချိန် သိပ်မကြာတော့လို့ ယူကေ ဘာလုပ်ချင်တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပါလို့ ဆိုပါတယ်။

အချိန်မကျန်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ဟာ ဗြိတိန်ဟာ အီးယူထဲကနေ နုတ်ထွက်မယ့် ရက်ဟာ မတ် ၂၉ ရက် နေ့ဆိုပြီး သတ်မှတ် ထားတဲ့ အတွက် ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ ဖွဲ့စည်းထားတဲ့ သဘောတူ စာချုပ်ထဲ အဖွဲ့ဝင်အဖြစ်က ဘယ်လို ဘယ်ပုံ နုတ်ထွက်နိုင်တယ် ဆိုတာကို ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅ဝ ကို အသုံးပြုပြီး ဗြိတိန် နုတ်ထွက်တာ ဖြစ်ပါတယ်။

အဲဒီ ပုဒ်မ ၅ဝ ကို တိုးချဲ့ပြီး မတ်လ ၂၉ ရက် မှာ မနုတ်ထွက်ပဲ ရွှေ့ဆိုင်းဖို့ နည်းလမ်းကိုတော့ မစ္စစ်မေက မရွေးလိုတဲ့ အကြောင်း ပြောဆို ထားပါတယ်။

ဘရက်ဇစ် ကိစ္စကို ဆိုင်းထားလိုက်ရင် အတိုက်အခံတွေ တောင်းဆိုသလို ရွေးကောက်ပွဲ ကျင်းပ ပေးရမယ့် အနေအထားကို ရောက်သွားနိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, အီးယူထဲ ဆက်နေရေးကို သတ္တိရှိရှိ ထုတ်ပြောဖို့ တိုက်တွန်းသူ မစ္စတာတုစ်ခ်

တခါ ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်တုစ်ခ်ကတော့ ယူကေကို အီးယူထဲ ဆက်နေ သင့်ကြောင်း တိုက်တွန်းဟန် ပေါက်နေတဲ့ စာသားတွေ တွစ်တာပေါ်မှာ ရေးလာပါတယ်။

ဘရက်ဇစ်
ဓာတ်ပုံ ပုံစာ, နုတ်ထွက်ရေး သဘောတူမှုကို မလိုချင်ရင် ဆက်နေမယ့် အကြောင်း ထုတ်ပြောတော့လို့ တိုက်တွန်း

"တကယ်လိုများ သဘောတူမှု ရလာဖို့ မဖြစ်နိုင်ဘူးဆိုရင်၊ ဘယ်သူမှ သဘောတူမှုကို မလိုချင်ဘူးဆိုရင်၊ အကျိုးရှိနိုင်တဲ့ တစ်ခုတည်းသော ဖြေရှင်းပုံက ဘာလဲ ဆိုတာကို ထုတ်ပြောဖို့ ဘယ်သူ သတ္တိရှိလာမလဲ" ဆိုပြီး မစ္စတာ တုစ်ခ်က ရေးထားပါတယ်။

ကဲ နောက်တစ်ဆင့် ဘာဖြစ်မှာလဲ ….

အခုည အယုံအကြည် မရှိ အဆိုကို ပါလီမန်ထဲ ကျော်လွှားနိုင်ပြီဆိုရင် ဝန်ကြီးချုပ်မေဟာ နောက်တစ်ရက်မှာတော့ ပါလီမန်ထဲက ထိပ်သီး ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ဆက်တိုက် တွေ့ဆုံ သွားလိမ့်မယ်လို့ နိုင်ငံရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် အီယန်ဝပ်ဆင်က ပြောပါတယ်။

အီးယူနဲ့ကြား အခွန်အကောက် ကင်းလွတ်ခွင့် သဘောတူမှု ဆက်ထားရမယ် ဆိုတဲ့ အတိုက်အခံ လေဘာတွေရဲ့ တောင်းဆိုမှုကိုတော့ မစ္စစ်မေ လိုက်လျောမှာ မဟုတ်ဘူးလို့လည်း အီယန်ဝပ်ဆင်က သုံးသပ်ပါတယ်။

လေဘာတွေ ပြောသလို အကောက်အခွန် ဆိုင်ရာ ဘုံသဘောတူမှုထဲ ဆက်နေမယ်ဆိုရင် ထရီဆာမေရဲ့ အစိုးရ အဖွဲ့အတွင်းမှာကို လက်သင့်မခံမယ့်သူတွေ ရှိနေတဲ့ အတွက် ဝန်ကြီးနေရာတွေက နုတ်ထွက်တာမျိုးတွေ ကြုံလာရနိုင်ပြီး အစိုးရ ပိုချိနဲ့ သွားမှာကို ဝန်ကြီးချုပ်မေ မလိုလားတဲ့အတွက် ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဗြိတိသျှ ဝန်ကြီးချုပ်နဲ့ ဘရိတ်စစ် အနာဂတ်