ဘရက်ဇစ် သဘောတူညီချက် ပါလီမန်က ပယ်ချလိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, EPA
ဗြိတိန် ဥရောပသမဂ္ဂအဖွဲ့(အီးယူ)ကနေ နုတ်ထွက်ရေး ဝန်ကြီးချုပ် ထရီဆာမေနဲ့ အီးယူအကြားရယူထားတဲ့ ဘရက်ဇစ် သဘောတူညီချက်ကို ဗြိတိန်ပါလီမန်ကနေ မဲခွဲဆုံးဖြတ်ပြီး ကန့်ကွက်ပယ်ချ လိုက်ပါတယ်။
ဒီလိုမဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်အမတ် ၄၃၂ ဦးက ကန့်ကွက်ခဲ့ပြီး ၂၀၂ ဦးကပဲ ထောက်ခံခဲ့ပါတယ်။
၀န်ကြီးချုပ် မေ ဦးဆောင်တဲ့ အာဏာရ ကွန်ဆာဗေးတစ် ပါတီက အမတ် ၁၁၈ ဦးက ကန့်ကွက်မဲပေးခဲ့ပေမယ့် အတိုက်အခံ လေဘာ ပါတီအမတ် ၃ ဦးက ထောက်ခံခဲ့ပါတယ်။
ဒီလို မဲ ၂၀၀ ကျော် ပြတ်ပြီး ရှုံးနိမ့်ရတာဟာ ဗြိတိန်နိုင်ငံရေး သမိုင်းမှာ အာဏာရ အစိုးရအတွက် အကြီးမားဆုံး ရှုံးနိမ့်မှုလည်း ဖြစ်သွားပါတယ်။
ဒီအတွက် နောင်အနာဂတ်မှာ ဘရက်ဇစ်နဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ မရှင်းမလင်း ဖြစ်သွားပါတယ်။

ဒီနောက် အတိုက်အခံ လေဘာပါတီကလည်း ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုကို ပါလီမန်မှာတင်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီလို မဲခွဲမှုမှာ ရှုံးနိမ့်ရင် ဝန်ကြီးချုပ် ထရီဆာမေ နုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ် ယူနီယံနစ်ပါတီ ပြောခွင့်ရ Sammy Wilsonက အယုံအကြည်မရှိ အဆို တင်ရင်တော့ ဝန်ကြီးချုပ် မေကို ထောက်ခံမှာ ဖြစ်သလို သူတို့ပါတီအနေနဲ့ မူဝါဒ ပြောင်းလဲတာကို မြင်ချင်တာဖြစ်ပြီး အစိုးရပြောင်းလဲတာကို မြင်လိုတာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဗြိတိန် အီးယူကနေ နုတ်ထွက်ပေးရမယ့် နောက်ဆုံး သတ်မှတ်ရက် မတ်လ ၂၉ ရက်မတိုင်ခင်မှာ ပိုပြီးကောင်းမွန်တဲ့ သဘောတူညီချက်သစ် တစ်ခု ရအောင် ဆက်ကြိုးစားသွားမယ်လို့ မစ္စစ်မေက ကတိပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါ့အပြင် ပါလီမန်အနေနဲ့ သူရဲ့ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဘယ်အကြောင်းအရာကို ထောက်ခံတယ်၊ ကန့်ကွက်တယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မပြောဘူးလို့ သူကပြောပါတယ်။
အစိုးရအနေနဲ့ လွှတ်တော်ရဲ့ အသံကို နားထောင်မှာ ဖြစ်သလို ဒီကိစ္စ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ အမြန်လိုအပ်တယ်လို့ မစ္စစ်မေက လွှတ်တော် အမတ်တွေကို ပြောပါတယ်။
ဒီကိစ္စကိုမဖြေရှင်းနိုင်ဘဲနေစဉ်ဘဝကို ဖြတ်သန်းနေရတာ မရေရာမှုတွေ ပိုများလာသလို ဒီကိစ္စကို ပြေလည်ချင်တဲ့ လူထုရဲ့ အသံကို နားထောင်ဖို့ လွှတ်တော်က သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးကို ပြောချင်ပါတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သဘောတူညီချက် ပယ်ချတဲ့အပေါ် တုံ့ပြန်ချက်များ
အခုလို မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ဗြိတိန်မှာရှိတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ စီးပွားရေး သမားတွေက နှစ်နဲ့ချီကြာမြင့်နေတဲ့ ရှေ့မတိုးနောက်မဆုတ် အခြေအနေကို အဆုံးသတ်ဖို့ အဖြေ တစ်ခုကို အမြန်ဆုံး ရှာဖွေဖို့ တိုက်တွန်းလိုက်ပါတယ်။
ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တုစ်က ဗြိတိန်နိုင်ငံရေး ခေါင်းဆောင် တွေ အနေနဲ့ ဘရက်ဇစ်နဲ့ပတ်သက်တဲ့ ဗျူဟာကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သဘောတူညီချက်က မဖြစ်နိုင်တော့ဘူးဆိုပေမယ့် ဗြိတိန်အီးယူကနေ သဘောတူ ညီချက် မယူဘဲ ထွက်သွားတာကို ဘယ်သူမှ မလိုချင်ဘူးလို့လည်း သူက လူမှု ကွန်ရက် တွစ်တာပေါ်မှာ ရေးပါတယ်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ Jean-Claude Junckerက ဒီအခြေအနေဟာ ဗြိတိန်အီးယူက နုတ်ထွက်ရင် အစီအစဉ်တကျ ဖြစ်နိုင်ခြေ နည်းတယ်လို့ ပြောပါတယ်။








