ဗြိတိန် ၀န်ကြီးချုပ် ထရီဆာမေရဲ့ ဘရက်ဇစ် အကြံပြုချက်တွေကို ယူကေ ပါလီမန်က မဲခွဲမယ်

ဘရက်ဆစ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အလျှော့ပေးမှု တချို့ လုပ်ထားရတဲ့ သူ့သဘောတူမှုတွေကို လက်ခံဖို့ ဝန်ကြီးချုပ် ပန်ကြား

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲကနေ ဗြိတိန် နုတ်ထွက်တဲ့အခါ အီးယူနဲ့ကြား ဘယ်လို သဘောတူမှုတွေ ရယူပြီး နုတ်ထွက်မှာလဲဆိုတဲ့ ဝန်ကြီးချုပ် ထရီဆာမေရဲ့ အစီအမံတွေကို ပါလီမန်က ထောက်ခံမလား၊ ကန့်ကွက်မလား ဆိုတာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မဲခွဲ ကြမှာ ဖြစ်ပါတယ်။

အာဏာရ ပါတီက အမတ်တွေ၊ အတိုက်အခံ အမတ်တွေဟာ ပါလီမန်ထဲ မွန်းလွဲချိန်ကစလို့ ၅ ရက်မြောက် ငြင်းခုံ ဆွေးနွေး နေကြပြီ ဖြစ်ပြီး ယူကေအချိန် ည ၇ နာရီ ဆိုရင် မဲခွဲကြမှာ ဖြစ်ပါတယ်။

မစ္စစ်မေ ဦးဆောင်တဲ့ အာဏာရ ကွန်ဆာဗေးတစ် ပါတီတွင်းမှာကို မစ္စစ်မေရဲ့ အစီအမံတွေ အပေါ် သဘောမတူသူတွေ ရှိနေတဲ့အတွက် အဲဒီ အမတ်တွေဟာ အတိုက်အခံ အမတ်တွေနဲ့ ပူးပေါင်းပြီး မထောက်ခံတဲ့ ဘက်က မဲထည့်လာနိုင်ပါတယ်။

ဒါ့ကြောင့် မစ္စစ်မေရဲ့ တင်ပြမှုတွေ မအောင်မြင်ပဲ ရှုံးနိမ့် သွားလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် နေကြပါတယ်။

ဘရက်ဆစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ် တစ်ယောက်တည်း သဘောနဲ့ မပြီးအောင် ကန့်သတ်ထား

Meaningful vote (အဓိပ္ပာယ် ပြည့်ဝစေတဲ့ မဲခွဲမှု)

ပါလီမန်ထဲ ဇန်နဝါရီ ၁၅ ရက် မဲခွဲကြမယ့် ဖြစ်ရပ်ကို ဗြိတိန်ရဲ့ နိုင်ငံရေး လောကမှာ Meaningful vote အဓိပ္ပာယ် ပြည့်ဝစေတဲ့ မဲခွဲမှုလို့ ရည်ညွှန်း ခေါ်ဆိုပါတယ်။

အီးယူထဲက ဘယ်လိုဘယ်ပုံ နုတ်ထွက်မယ်၊ အနာဂတ် ဆက်ဆံရေး ဘယ်လို ထားရှိမယ် စတာတွေကို ဗြိတိသျှ ဝန်ကြီးချုပ်က တာဝန်ယူ ခေါင်းခံပြီး အီးယူ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း ရတာပါ။

ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့ အစီအမံ တွေကို ဒီအတိုင်း လွှတ်ပေးပြီး အတည် ဖြစ်မသွားရလေအောင် ပါလီမန်ရဲ့ သဘောတူမှု ရယူဖို့ လိုအပ်တယ် ဆိုပြီး ကန့်သတ် ထားနိုင်ခဲ့ပါတယ်။

အဲဒီ ကန့်သတ်ချက်ကို ပြီးခဲ့တဲ့နှစ် ၂ဝ၁၈ တုန်းက ဗြိတိန်မှာ ပြဌာန်းခဲ့တဲ့ ဥရောပသမဂ္ဂ(နုတ်ထွက်ရေး) အက်ဥပဒေ ရဲ့ အခန်း ၁၃ မှာ ထည့်သွင်း ထားတာဖြစ်ပါတယ်။

အခုဆိုရင် အဲဒီ ကန့်သတ်ချက်အတိုင်း ပါလီမန်ထဲ မဲခွဲကြမှာကို Meaningful vote လို့ ခေါ်ဆိုကြတာပါ။

ည ၇ နာရီ မဲမခွဲကြသေးခင်မှာတော့ "နောက်တန်းမှာ ထိုင်သူတွေရဲ့ ပြင်ဆင်ချက်" တချို့ အပေါ် အတည်ပြု မလားဆိုတာ အရင် ဆုံးဖြတ်မှာပါ။

အင်္ဂလိပ်လို "Backbench amendments" လို့ ခေါ်တာဟာ အစိုးရ ရာထူး မယူထားတဲ့ အာဏာရပါတီထဲက အမတ်တွေနဲ့၊ အတိုက်အခံဘက်ကလည်း ရှေ့တန်းမှာထိုင်ပြီး ပြောရေးဆိုခွင့် ယူထားသူတွေထဲ မပါတဲ့ သူတွေ စုပေါင်းလို့ ဝန်ကြီးချုပ်ရဲ့ တင်ပြချက်တွေထဲက ၃-၄ ချက်လောက်ကို အရင် ပြင်ဆင်တာ ဖြစ်ပါတယ်။

သူတို့ ပြင်ဆင်လိုတဲ့ အချက်တွေ အတည်ဖြစ် မဖြစ် ဆုံးဖြတ် ပြီးရင်တော့ မစ္စစ်မေ တင်ပြချက်တွေ အပေါ် စတင်မဲခွဲကြမှာ ဖြစ်ပါတယ်။

ဘရက်ဆစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘရက်ဇစ်လုပ် ခွဲထွက်ဖို့ ဗြိတိန်မှာ လူထု ဆန္ဒ ခံယူထား

အတည်ပြုပေးဖို့ ပန်ကြားတဲ့ ဝန်ကြီးချုပ်မေ

မစ္စစ်မေကတော့ သူရဲ့ နုတ်ထွက်ရေး အစီအစဉ်တွေဟာ ဗြိတိန်ဘက်က လိုချင်သမျှ၊ ဖြစ်ချင်သမျှတွေ အပြည့်အဝ ရယူနိုင်တဲ့ ခြောက်ပစ်ကင်း သဲလဲစင် သဘောတူမှု မဟုတ်ကြောင်း ပါလီမန်ထဲ ဝန်ခံထားပါတယ်။

ဒါပေမယ့် အီးယူနဲ့ကြား သဘောတူမှုတွေ ရယူပြီးမှ နုတ်ထွက်တဲ့ အခြေအနေမျိုး ရရှိနိုင်အောင် သူ့ရဲ့ အစီအစဉ်တွေကို ထောက်ခံမှုပေးဖို့ ပါလီမန်ကို တိုက်တွန်းပါတယ်။

အီးယူထဲက နုတ်ထွက်မယ်ဆိုတဲ့ ပြည်သူအများရဲ့ ဆန္ဒကို ပါလီမန် အနေနဲ့ ဖြည့်ဆည်း ပေးခဲ့သလားဆိုတာ တစ်ချိန်မှာ သမိုင်းမှတ်တမ်း တင်ကြမှာ ဖြစ်တယ်လို့ မစ္စစ်မေက ပါလီမန်ထဲ ပြောတဲ့အခါ လှောင်ပြောင် ရှုတ်ချသံတချို့ ထွက်ပေါ် လာခဲ့ပါတယ်။

ဒါပေမယ့် မစ္စစ်မေကတော့ သူ အီးယူနဲ့ကြား ညှိထားတာတွေဟာ ဗြိတိန်ရဲ့ စီးပွားရေး၊ လုံခြုံရေး၊ တိုင်းပြည် မပြိုကွဲစေရေးတွေ အတွက် အာမခံချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဘရက်ဆစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ခွဲထွက်ရေးမူကို မထောက်ခံသူ
ဘရက်ဆစ်
ဓာတ်ပုံ ပုံစာ, ဥရောပထဲ ဆက်နေချင်သူ
ဘရက်ဆစ်
ဓာတ်ပုံ ပုံစာ, ခွဲထွက်လိုကြောင်း မဲထည့်ထားခဲ့သူတွေ

ဘရက်စ်မှာ အဓိက ပြဿနာ ဖြစ်နေစေတဲ့ အချက်

ဘရက်ဇစ် ဆွေးနွေးမှုတွေမှာ ဗြိတိန်နဲ့ အီးယူအကြား အကြိတ်အနယ် အဖြစ်ဆုံး၊ မပြေလည်နိုင်ဆုံး ဖြစ်ခဲ့တဲ့ အဓိက နယ်ပယ် ကတော့ Northern Irish 'backstop' ဆိုတဲ့ အရေးပဲ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ အစိတ်အပိုင်း အဖြစ် အီးယူထဲကနေ ထွက်သွားရမယ့် မြောက်အိုင်ယာလန်နဲ့ အီးယူအဖွဲ့ဝင် သီးခြား လွတ်လပ်တဲ့ အိုင်ယာလန် နိုင်ငံနဲ့ကြား နယ်စပ်မှာ ကုန်သွယ်ရေး အခွန်အကောက်နဲ့ လုံခြုံမှု ဆိုင်ရာ စည်းမျဉ်းတွေ ဘယ်လို ထားရှိမလဲ ဆိုတဲ့ အပေါ် အီးယူနဲ့ ဗြိတိန် အကြီးအကျယ် ကွဲလွဲ နေခဲ့ကြပါတယ်။

မြောက်အိုင်ယာလန် နယ်ခြားမှာ ထားရှိမယ့် ကုန်သွယ်ရေးနဲ့ လုံခြုံမှု ဆိုင်ရာ သဘောတူမှု တစ်စုံတစ်ရာသာ မရဘဲ ဘရက်ဇစ် ဖြစ်သွားပြီ ဆိုရင် 'backstop' ဆိုတဲ့ အခြေအနေ သက်ဝင်လာမှာ ဖြစ်ပါတယ်။

အဓိပ္ပာယ်ကတော့ လက်ရှိ အတိုင်းပဲ မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန် နယ်ခြားမှာ ကုန်သွယ်ရေးပိုင်းမှာရော၊ လူဝင်မှု အပိုင်းမှာပါ ထိန်းချုပ်မှု မရှိတဲ့ အခြေအနေ အတိုင်း ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြောက်အိုင်ယာလန်ဟာ ဗြိတိန်ရဲ့ အစိတ်အပိုင်း ဖြစ်နေပေမယ့် အီးယူရဲ့ ကုန်သွယ်ရေး ဘုံစျေးကွက်နဲ့ အကောက်အခွန်လွတ် ဘုံသဘောတူမှုထဲ ဆက်လက် ပါနေဦးမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဘရက်ဆစ်
ဓာတ်ပုံ ပုံစာ, မြောက်အိုင်ယာလန် နယ်စပ် ထိန်းချုပ်ရေး ယူကေ ဆုံးရှုံးမလား

လိုအပ်လာရင် 'backstop' ဆိုတဲ့ ယန္တရား ထားရှိကြမယ် ဆိုတဲ့ အခြေခံ သဘောတရားကို အီးယူနဲ့ ဗြိတိန် နှစ်ဘက် သဘောတူ ထားပေးမယ့် တကယ်တမ်း ရေရှည် အလုပ်ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာကတော့ အဖြေထွက်မလာနိုင် ဖြစ်နေတာပါ။

'Backstop' ထားရှိဖို့ ဖြစ်လာရင်လည်း ဘယ်ကာလ အပိုင်းအခြားထိပဲ ထားရှိရမယ် ဆိုတဲ့ အချိန်အတိုင်းအတာ အကန့်အသတ်ပါ သတ်မှတ်ဖို့ ဗြိတိန်ဘက်က လိုလားပေမယ့် အီးယူက လက်မခံပါဘူး။

အီးယူဘက်က အခု ရက်ပိုင်းထဲမှာပဲ ရေးသား ပေးပို့လာတဲ့ စာထဲမှာ 'Backstop' အခြေအနေ တကယ်လို့ ထားရှိလာရရင် ယာယီသာဖြစ်တယ်လို့ အာမခံ ပြောဆိုထားတဲ့ အချက်ကို ထရီဆာမေက ထောက်ပြပြီး ပါလီမန် အမတ်တွေ စိတ်မပူကြဖို့ ဖျောင်းဖျပါတယ်။

ဗီဒီယို ပုံစာ, ဗြိတိသျှ ဝန်ကြီးချုပ်နဲ့ ဘရိတ်စစ် အနာဂတ်

နိုးဒီးလ် ဘရက်စ်၊ သဘောတူမှုမယူပဲ ထွက်ရမယ့် အဖြစ်

တကယ်လို့ ပါလီမန်က ဒီနေ့ ထောက်ခံမှု မပေးဘူးဆိုရင် ဗြိတိန်ဟာ အီးယူနဲ့ကြား ဘယ်လို သဘောတူမှုမှ မရဘဲ နုတ်ထွက်သွားရမယ့် 'no-deal Brexit' ဆိုတဲ့ အဖြစ်ကို ရောက်သွားနိုင်ပြီး တိုင်းပြည် စီးပွားရေး ထိခိုက်လိမ့်မယ်လို့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီး မိုက်ကယ်ဂို့ဗ် Michael Gove က ဆိုပါတယ်။

အဲဒီ 'no-deal Brexit' ဆိုတာ အီးယူနဲ့ အနာဂတ် ဆက်ဆံရေး၊ ကုန်သွယ်ရေး ဘယ်လို သဘောတူမှုမှ ယူမနေတော့ဘဲ အီးယူနဲ့ကြား အဆက်အဆံ အားလုံးကို ညတွင်းချင်း ရုပ်သိမ်းပြီး ထွက်တာမျိုးကို ခေါ်တာပါ။

"သဘောတူမှု မယူပဲ နိုးဒီးလ်နဲ့ ထွက်ပြီဆိုရင် စီးပွားရေး ထိခိုက်တယ် ဆိုတာကမှ ယာယီ ပြဿနာမျိုး ဖြစ်လိမ့်မယ်၊ ပိုဆိုးတာက ဘရက်ဇစ် ဖြစ်မြောက်မလာတဲ့ အခြေအနေထိအောင် ရောက်သွားလိမ့်မယ်" လို့ ခွဲရေး ဘရက်ဇစ် ဝါဒီ ဝန်ကြီး မစ္စတာ ဂို့ဗ် က ဆိုပါတယ်။

ထရီဆာမေရဲ့ အစီအမံတွေကို ပါလီမန်က ထောက်ခံဖို့ မစ္စတာ ဂို့ဗ် တိုက်တွန်း ရတာကလည်း ခွဲရေး ဘရက်ဇစ် အပေါ် လိုလားသူတွေကြားထဲမှာကို ထရီဆာမေ့ရဲ့ အစီအမံတွေအပေါ် မှာတော့ သဘောမတူနိုင်ဘူး ဆိုပြီး ပြောနေကြသူတွေ ရှိလို့ ဖြစ်ပါတယ်။

အသံဖိုင် ပုံစာ, ဗြိတိန် အီးယူက ထွက်ခွာကြေး ယူရို ဘီလျံ ၁၀၀ အထိ ပေးရနိုင်တယ်ဆိုတဲ့ အချက် ပေါ်ထွက် လာပါတယ်။

မေရဲ့ အစီအမံတွေကို ငြင်းလိုက်ရင် ရှေ့ဆက် ဘာဖြစ်မလဲ

ကွန်ဆာဗေးတစ် အမတ် ၁ဝဝ ဝန်းကျင်နဲ့ မြောက်အိုင်ယာလန် ဒီမိုကရက်တစ် ပြည်ထောင်စု ဝါဒီ ပါတီဝင် အမတ် ၁ဝ ဦးတို့ကနတော့ အတိုက်အခံ တွေနဲ့နည်းတူ ထရီဆာမေ့ရဲ့ အစီအမံတွေကို ကန့်ကွက်မဲ ပေးလာမယ်လို့ ခန့်မှန်းရပါတယ်။

ဒီတော့ ပါလီမန်ထဲ ငြင်းတဲ့ဘက်က နိုင်သွားပြီ ဆိုရင် မစ္စစ်မေ အနေနဲ့ သူ့ရဲ့ အစီအမံတွေကို အသစ်ပြင်ဆင်ပြီး ပါလီမန်ထံ ထပ်မံ တင်ပြဖို့ အချိန် ၃ ရက်ပဲ ရမှာ ဖြစ်ပါတယ်။

ဒီ ၃ ရက်အတွင်းမှာ မစ္စစ်မေအနေနဲ့ ပါလီမန်က လက်ခံနိုင်လောက်တဲ့ အစီအစဉ်သစ်တွေ ရှိနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဘရက်ဆစ်
ဓာတ်ပုံ ပုံစာ, ဒီနေ့ အခြေအနေ ဘယ်လို ရောက်လာခဲ့လဲ

အဲဒီပြင်ဆင်ချက်လည်း ပါလီမန်ထဲ ထပ်ရှုံးခဲ့ပြီ ဆိုရင် ကွန်ဆာဗေးတစ် ပါတီဝင် Backbencher တွေထဲက ဝါရင့် အမတ်တွေ အကြံပြုထားတဲ့ နုတ်ထွက်ရေး မူကြမ်း အမှတ် ၂ ဆိုတာ ရှိနေပါတယ်။

အဲဒီ အမှတ် ၂ အရတော့ ပါလီမန် လက်ခံနိုင်လောက်မယ့် တင်ပြချက်တွေရဖို့ နောက်ထပ် သီတင်း ၃ ပတ် ရလာနိုင်ပါတယ်။

အဲဒီလို နောက်ထပ် သီတင်း ၃ ပတ် အချိန်ယူလို့လည်း အလုပ်ဖြစ် မလာဘူး ဆိုရင်တော့ မူကြမ်း အမှတ် ၂ က ဘယ်လို အကြံပြုထားသလဲ ဆိုရင် ပါလီမန်ထဲမှာ ရှိသမျှ ကော်မတီတွေရဲ့ ဥက္ကဌနဲ့ ဒုဥက္ကဌတွေ စုပေါင်းပြီး ကော်မတီ တစ်ရပ်ဖွဲ့လို့ နုတ်ထွက်ရေး သဘောတူမှုတွေ ရေးဆွဲရေးတာဝန်ကို ယူကြပါ ဆိုပြီး ပြောထားပါတယ်။

နိုးဒီလ်ဘရက်ဇစ် မဖြစ်စေချင်ရင် အီးယူထဲက ဗြိတိန် ထွက်ရမယ့် မတ်လ ၂၉ ရက် မတိုင်ခင်တော့ ဘရက်ဇစ် သဘောတူမှုတွေ ရအောင်ယူ သွားရမှာ ဖြစ်ပါတယ်။