ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်က စစ်မီးကြောင့် ဒုက္ခသည်တွေ ထောင်ချီနေပြီ
ရခိုင်ပြည်နယ်ထဲ ၂ဝ၁၉ နှစ်ဆန်း ၂ ရက်အထိ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် အေအေကြား တိုက်ပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲကတော့ ဘူးသီးတောင်မြို့နယ်ထဲက ဥယျာဉ်သာဆိုတဲ့ ရွာအနီးမှာ ဖြစ်တယ်လို့ ဒေသခံ ကျေးရွာသားတွေက ဘီဘီစီကို ပြောပါတယ်။
ဥယျာဉ်သာ ရွာနားက ကိုးလံချဆိုတဲ့ အရပ်မှာ တိုက်ပွဲတွေ မနက် အစောပိုင်းထဲက ပေါ်ပေါက် လာခဲ့တယ်လို့ ဆိုပါတယ်။
ညနေပိုင်း အထိ တနေ့လုံးနီးပါး လက်နက်ကြီးသံတွေ ကြားနေခဲ့ရတယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲ နှစ်ဆန်း ၁ ရက်နေ့တုန်းကလည်း ကံပြင်နဲ့ စည်တောင်ဆိုတဲ့ ရွာတွေကြားမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး အခုလို ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ပေါ်ပေါက် နေတာ ဖြစ်ပါတယ်။
ကံပြင်နဲ့ စည်တောင်ကြား တိုက်ပွဲရဲ့ ဒဏ်ကို ရွာခံတွေ ကြားညပ် ခံခဲ့ရပြီး ကံပြင် ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးတွေ ကျခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒီလို လက်နက်ကြီးတွေ ကျလာတဲ့ နောက်မှာတော့ ကံပြင်ရွာသား ၂ဝဝ ကျော်ဟာ နီးစပ်ရာ ရွာတွေဆီ တကွဲတပြား ပြေးခဲ့ကြရပါတယ်။
၂ ရက်နေ့ တိုက်ပွဲတွေ ဆက်လက် ပေါ်ပေါက်လာရာ အနီးက ဥယျာဉ်သာရွာ ဆိုတာလည်း အိမ်ခြေ ၅ဝ ဝန်းကျင် ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။
နောက်ရက်တွေမှာ ပစ်သံခတ်သံတွေ ဆက်ကြားလာရရင်တော့ ရွာကို စွန့်ခွာတော့မယ်လို့ ဆိုကြပါတယ်။
ဥယျာဉ်သာကနေ ရွာလုံးကျွတ် ထွက်ပြေး ကြမယ် ဆိုရင် စစ်ပြေး ဒုက္ခသည် ထောင်ချီ ရှိနှင့်နေပြီး ရခိုင်ပြည်နယ်ထဲ နောက်ထပ် အယောက် ၂ဝဝ ကျော် ထပ်တိုးလာမယ့် အဓိပ္ပာယ် ဖြစ်ပါတယ်။
ဒုက္ခသည် ကူညီရေး တွေကို အရပ်သားတွေထဲကပဲ တနိုင်တပိုင် လုပ်နေကြသူတွေ ရှိပါတယ်။
တိုက်ပွဲတွေကြောင့် လုံခြုံရေး ပျက်ပြားနေချိန် ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ ကြန့်ကြာတာမျိုးလည်း ကြုံနေရတယ်လို့ ကိုယ်တိုင် လုပ်ဆောင်နေသူ တချို့က ဘီဘီစီကိုပြောပါတယ်။
ကျောက်တော်မြို့နယ်ထဲက သလူချောင်း ဆိုတဲ့ ရွာမှာ စစ်ဘေးရှောင်တွေ စုပုံနေလို့ ထောက်ပံ့ရေး ပစ္စည်းတွေ သွားပို့ဖို့ ကြိုးစား ခဲ့ပေမယ့်လည်း ၁ ရက်နေ့တုန်းကတော့ အစိုးရတပ်က သွားခွင့် မပြုခဲ့ပါဘူး။
နောက်ရက်မှာတော့ ဆန်အိတ် အနည်းငယ် သယ်ဆောင်ခွင့် ပြုလာခဲ့တယ်လို့ ကျောက်တော် ဒေသခံ ဦးဇော်ဝင်းက ဆိုပါတယ်။ ဆန်အိတ် ၇ဝ ကျော် သယ်လာတဲ့ ကူညီရေး အဖွဲ့ကို ဆန်အိတ် ၂ဝ ပဲ သယ်ခွင့် ရခဲ့တာလို့ နားလည်ရပါတယ်။
ရက္ခိုင့်တပ်မတော်လို့ နာမည်ယူထားတဲ့ အေအေ လက်နက်ကိုင် အဖွဲ့နဲ့ အစိုးရတပ်ကြား အခု လပိုင်းတွေ အတွင်း စစ်ရေး အရှိန်မြင့်လာပြီး ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေ ထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရသူတွေ အယောက် လေးထောင် ကျော် ရှိနေပြီ ဖြစ်ပါတယ်။