ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ဝန်ကြီးချုပ်ဦးညီပု ကားတန်းဖြတ်ပြီး မကြာခင် မြောက်ဦး မြို့နယ်ထဲမှာ မိုင်းကွဲ
ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေအနေ ဆက်လက် ဆိုးရွားနေပြီး မြောက်ဦး မြို့နယ်ထဲမှာ ဆိုရင် မိုင်းဗုံး သုံးလုံးကွဲခဲ့တယ်လို့ ဒေသခံ အာဏာပိုင် တချို့က ဘီဘီစီကို အတည်ပြုပါတယ်။
ရခိုင်ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာတဲ့ ကားတန်း ဖြတ်သွားပြီး မိနစ် ၂ဝ လောက်အကြာမှာ မိုင်းတွေ ကွဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဝန်ကြီးချုပ် ဦးညီပုကို ရည်ရွယ်တိုက်ခိုက်တာလား၊ ဘယ်အဖွဲ့က မိုင်းထောင်ခဲ့တာလဲ ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဇန်နဝါရီလ ၁ ရက် ညနေ ၄ နာရီ ၂၅ မိနစ်က မြောက်ဦးမြို့နယ် လောင်းကြက်နဲ့ နန်ကျကျေးရွာအကြား စစ်တွေ- ရန်ကုန်ကားလမ်းရှိ တံတားပေါ်မှာ မိုင်းဗုံး သုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အထိအခိုက်တော့ မရှိဘူးလို့ လောင်းကြက်တောင်မော် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။
၂၀၁၉ ခုနှစ် အစပထမရက်
ဒီအချိန်မှာပဲ ဘူးသီးတောင်နဲ့ ကျောက်တော် မြို့နယ်တွေ ထဲမှာလည်း အစိုးရ စစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် အေအေ အဖွဲ့အကြား တိုက်ပွဲတွေ ဒီကနေ့ အထိ ဆက်ရှိ နေပါတယ်။
တိုက်ပွဲတွေကတော့ ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ် အတွင်း ဖြစ်ပွားခဲ့တာပါ။
ဘူးသီးတောင်မြို့နယ်မှာဆိုရင် တိုက်ပွဲဟာ တနေ့တည်း နှစ်ကြိမ်တိတိ ဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာနဲ့ မိုင်ဝက်ခန့်သာ ဝေးတဲ့ စည်တောင်ရွာသား တဦးက ပြောပါတယ်။
ဒုတိယအကြိမ် တိုက်ပွဲဟာ နေ့လယ် ၁၂ နာရီလောက်မှာ ရပ်တန့်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျောက်တော်မြို့နယ် သလူချောင်းရွာ အရှေ့ဘက်ကမ်းမှာလည်း ဇန်နဝါရီလ ၁ ရက် နံနက် ၁၀ နာရီကျော်က သေနတ်သံတွေကို ရွာသားတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
သလူချောင်းဖျားပိုင်းမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ရွာသား ၂ဝဝဝ ကျော်ခန့်ရှိနေပြီး အဲဒီကို ရိက္ခာတွေ သွားရောက်ကူညီပေးတဲ့ သူတွေကို တပ်က တောင်မင်းကုလားရွာကနေ တားဆီးထားတယ်လို့ သိရပါတယ်။