ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ TIME မဂ္ဂဇင်းရဲ့ Person of the Year ရွေးချယ်ခံရ

ဓာတ်ပုံ ရင်းမြစ်, TIME
သတင်းမီဒီယာ အလုပ် လုပ်ရင်း ထောင်ထဲ ရောက်သွား ခဲ့ကြတဲ့ သတင်းထောက်တွေ၊ အသက်တောင် ပေးဆပ်လိုက်ရတဲ့ သတင်းထောက်တွေကို အခုနှစ် ၂၀၁၈ ခုနှစ်အတွက် တိုင်းမ် မဂ္ဂဇင်းကြီးက Person of the Year 2018 အဖြစ် ရွေးချယ်လိုက်ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အခုနှစ်အတွက် အသိအမှတ်ပြုထိုက်တဲ့ အထင်ရှားဆုံးပုဂ္ဂိုလ် အမည်စာရင်းမှာပါတဲ့ ကမ္ဘာတစ်ဝန်းက သတင်းထောက်တွေထဲမှာ မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် တူရကီက ဆော်ဒီအာရေဗျ သံရုံးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျမားဟာရှော့ဂျီ၊ ဖိလစ်ပိုင်က အမျိုးသမီးသတင်းထောက် မာရီယာ ရက်ဆာနဲ့ Capital Gazette of Annapolis သတင်းဌာနတို့လည်း တိုင်းမ် မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ စာရင်းထဲမှာ ပါဝင်ကြ ပါတယ်။
ဒီသတင်းသမားတွေဟာ ကြီးမားတဲ့ အမှန်တရားအတွက် ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ သတင်းအချက်အလက်ရဖို့ နဲ့ ထုတ်ဖော်ပြောဆိုနိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ တိုင်းမ် မဂ္ဂဇင်းက ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ကိုဝလုံးနဲ့ ကိုကျော်စိုးဦး
တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ ၂၀၁၈ ခုနှစ် အတွက် အထင်ရှားဆုံးပုဂ္ဂိုလ် စာရင်းဝင် မြန်မာ သတင်းထောက် နှစ်ယောက်ကတော့ နိုင်ငံတော် လျှိုဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲခံရပြီးနောက် ထောင် ၇ နှစ်စီ ချမှတ်ခံထားကြရပါတယ်။
သတင်းထောက်တွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာက ရွာသား ၁၀ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်မှုကို စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားခဲ့သူတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနဘက်က ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ စုံစမ်းဖော်ထုတ် သတင်းတင်ပြမှုကြောင့် နိုင်ငံတကာ သတင်းမီဒီယာဆိုင်ရာ ဆုတွေလည်း ရခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ သူတို့ကို ရဲအရာရှိ နှစ်ယောက်က လျှို့ဝှက် စာရွက်စာတမ်းတွေ ပေးအပ်ဖို့ ချိန်းဆိုစဉ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အခုဆို တစ်နှစ် တင်းတင်းပြည့်ပါပြီ။
သတင်းထောက် နှစ်ယောက်ကတော့ သတင်းရေးသားတင်ပြဖို့ အချက်အလက် စုဆောင်းတာသာ ဖြစ်ပြီး သူတို့မှာ အပြစ်မရှိကြောင်း ငြင်းဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOISES SAMAN
ဥပဒေ နဲ့ သတင်းလွတ်လပ်ခွင့်
ရိုက်တာ သတင်းထောက်တွေရဲ့ အမှုကို မြန်မာ နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ ပတ်သက်ပြီး စမ်းသပ်မှု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ မီးရှုးတန်ဆောင်အဖြစ် တစ်ချိန်တုန်းက နိုင်ငံတကာကနေ သတ်မှတ်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဒီအမှုမှာ သူ့အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ဒီအမှုမှာ သတင်းထောက်တွေဟာ ဥပဒေချိုးဖောက်လို့ အရေးယူခံရတာဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မသက်ဆိုင်ကြောင်း၊ ဒီစီရင်မှုကို မကျေနပ်ရင် အယူခံဝင်နိုင်ကြောင်း ပြောခဲ့ပါတယ်။









