ဆန်နဲ့ ပြောင်း နယ်စပ်ကနေ တင်သွင်းခွင့် တရုတ်က တင်းကျပ် လာနေပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန်တွေရှိတဲ့နေရာမှာ တရုတ်ဖက်က လက်နက်ကိုင်တပ်ဖွဲ့တွေချထားတဲ့ အတွက် မြန်မာနိုင်ငံဖက်က ကုန်စည်တွေ တရုတ်နိုင်ငံထဲပို့မရဖြစ်နေပြီး နယ်စပ်ကုန်သွယ်ရေးဟာ လည်း ရပ်နေတဲ့သဘောဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံက ထွက်ရှိတဲ့ဆန်၊ ပြောင်း စတဲ့လယ်ယာထွက်ကုန်တွေဟာ တရုတ်မြန်မာနယ်စပ် ကုန်သွယ် ရေးကို အဓိက အားထားနေရပြီး အဲဒီကုန်စည်တွေ ပြည်ပပို့ကုန်ရဲ့ ထက်ဝက်နီးပါးလောက်ကို အဲဒီ တရုတ် နယ်စပ်လမ်းကြောင်း ကနေတဆင့် နှစ်စဉ် တင်ပို့နေရတာပါ။
ဒါပေမဲ့လည်း နိုဝင်ဘာလဆန်းလောက်ကစလို့ တရုတ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့တွေကိုစေလွှတ် ပြီး အရင်က ကုန်စည်ပို့နေတဲ့နေရာတွေကို ပိတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံက လယ်ယာထွက်ကုန်တွေ တရုတ် နိုင်ငံဖက် ကို တင်ပို့နိုင်မှု သိသိသာသာ လျော့ကျသွားပါတယ်။
အခုလိုတရုတ်နိုင်ငံဖက်က လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ မူဆယ်အခြေစိုက်ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးမင်းသိန်းကတော့ တရားမဝင် ဒီဇယ်တွေ သွင်းတာကို တရုတ်ဖက်က တားဆီးရင်း တခြားသူတို့တားမြစ်ထားတဲ့ ဆန်နဲ့ ပြောင်း တင်သွင်းမှုတွေကိုပါ သွင်းလို့ မရတော့တာလို့ ဆိုပါတယ်။
အရင်ကလဲ ရံဖန်ရံခါ တရုတ်နိုင်ငံဖက်အခြမ်းက ပိတ်ဆို့တာတွေ ဖမ်းဆီးတာတွေရှိပေမယ့် ရက်ပိုင်းသာ အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တစ်လနီးပါးကြာလာသည့်တိုင် ပြန်ဖွင့်မပေးတဲ့အတွက် မြန်မာကုန်သည်တွေ အခက်အခဲဖြစ်နေတာပါ။
အခုလို တရုတ်နိုင်ငံက ပိတ်ဆို့ ထားတဲ့အတွက် အောက်တိုဘာလဆန်းက မြန်မာဖက်ခြမ်းရဲ့ ဆန်ဈေးဟာ အလေးချိန်ပေါင် ၅၀ ရှိတဲ့ ဆန် တအိတ်ကို တရုတ်ယွမ်ငွေ ၁၄၀ နီးပါးရှိရာကနေ အခုအခါမှာတော့ ယွမ် ၁၁၀ စွန်းစွန်း သာ ရတော့တယ် လို့ ဆန်ကုန်သည်တွေကပြောပါတယ်။
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က တရုတ်နယ်စပ် ကနေ ဆန်သွင်းခွင့် ကိုတာ တနှစ်ကို တန်ချိန် ၄ သိန်း တောင်းထားပေမယ့် တရုတ်ကခွင့်မပြုသေးကြောင်း၊ ပြောင်း ကလည်း နယ်စပ်လမ်းကြောင်းကနေ ကုန်သည်တွေပို့နေတာက တနှစ်ကို တန်ချိန် တသိန်း နှစ်သောင်း လောက်ရှိနေကြောင်း တင်သွင်းခွင့်မပြုတဲ့အတွက် မြန်မာစိုက်ပျိုးထုတ်ကုန်ထုတ်လုပ်နေသူတွေ ထိခိုက်နေတယ်လို့ တရုတ်ကိုပြောထားကြောင်း ဘီဘီစီကိုပြောပြပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအနေနဲ့ သူတို့တာဝန်စယူတဲ့အချိန်ကစလို့ တရုတ်မြန်မာဆက်ဆံရေးကို အလေးထား ဆောင်ရွက်နေသလို ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အပါအဝင် ရပ်ဝန်းတခု လမ်းကြောင်းတခု စီမံကိန်းနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို နှစ်နိုင်ငံ သဘောတူထားတာရှိပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံဖက်က အခုလို နယ်စပ်ကုန်သွယ်ရေးမှာ တားဆီးမှုတွေရှိလာတဲ့နောက် မြန်မာနိုင်ငံ လယ်ယာ ထွက်ကုန်စည်တွေရဲ့ ဈေးကွက်အပေါ်ထိခိုက်မူ့တွေရှိလာနေပါတယ်။








