ကျောက်တန်းမှာ ဖမ်းမိတဲ့ မွတ်ဆလင် ဒုက္ခသည် ၁ဝ၆ ဦး စစ်တွေရောက်

burma

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN

ဓာတ်ပုံ ပုံစာ, စစ်တွေကို အရောက်ပို့

နိုဝင်ဘာလ ၁၈ ရက်က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ကနေ ရေတပ်သင်္ဘောနဲ့ ပြန်ပို့လိုက်တဲ့ မွတ်ဆလင် ဒုက္ခသည် ၁ဝ၆ ဦး စစ်တွေမြို့ကို နိုဝင်ဘာလ ၂၁ ရက်က ရောက်ရှိလာခဲ့အပြီး သူတို့ကို ဌာနဆိုင်ရာက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်ကနေ ပြန်ပို့ခံရတဲ့ မွတ်ဆလင် ဒုက္ခသည်တွေဟာ နိုဝင်ဘာလ ၂၁ ရက် မနက်က စစ်တွေမြို့ သဲချောင်း ဆိပ်ကမ်းကနေ တဆင့် ရောက်ရှိလာခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN

ဓာတ်ပုံ ပုံစာ, လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ပြန်ပို့

သူတို့ဟာ တကယ် မြန်မာနိုင်ငံကလား၊ ဘင်္ဂလားဒေ့ရှ်က လာတဲ့သူတွေလား၊ အကြမ်းဖက်မှု ဖြစ်စဉ်မှာပါသလား၊ ဒါတွေကို စစ်နေတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုးက ပြောပါတယ်။

သူတို့ထဲမှာ အမျိုးသား ၅ဝ ၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၂၅ ဦး စုစုပေါင်း ၁၀၆ ဦး ပါပါတယ်။

မှန်စီ ရဲကင်းနားက မုန်တိုင်း ခိုတဲ့နေရာမှာ ထားရှိတယ်လို့လည်း ပြောပါတယ်။ လဝက၊ ရဲနဲ့ ဌာနဆိုင်ရာတွေက စစ်နေတာပါ။

ဘယ်လိုထွက်တာလဲ၊ စစ်တွေ စခန်းက ထွက်တာ ဟုတ်သလား၊ ဘာကြောင့် ထွက်တာလဲ စသည်ဖြင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN

ဓာတ်ပုံ ပုံစာ, အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်

ရောက်လာသူတွေကို NVC ကတ်တွေကို ယူခိုင်းနေတယ်လို့ စစ်တွေ ဗောဒူဖ စခန်းက လူကြီးတယောက်က ပြောပါတယ်။ မယူရင် အိမ်ပြန်လို့မရဘူး၊ ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ခံနေရလို့ ယူရတယ်လို့လည်း ဆိုပါတယ်။

ဒီအပေါ်မှာလည်း ရဲမှူးကြီးက လဝကက စစ်နေတာ မှန်တယ်၊ ဘယ်သက်သေ အထောက်အထားရှိသလဲ၊ ဘယ်လို ကတ်တွေ ကိုင်ခဲ့သလဲ၊ အိမ်ထောင်စု စာရင်းတွေ ပါသလားဆိုပြီး စစ်ဆေးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

NVC ဆိုတာက နိုင်ငံသားဟုတ် မဟုတ် စိစစ်ရေးကတ်ပြားဖြစ်ပါတယ်။

ဒီ ၁ဝ၆ ဦးဟာ အောက်တိုဘာလ ၂၃ ရက်က ပွဲစားတွေကို ပိုက်ဆံပေးပြီး မလေးရှားကို ထွက်လာခဲ့တာပါ။

နိုဝင်ဘာလ ၁၆ ရက် မနက် ၅ နာရီခန့်မှာတော့ ကျောက်တန်းမြို့နယ် သံတဲရွာအနီး ပင်လယ်ကမ်းခြေမှာ စက်လှေ ပျက်ပြီး မျောပါနေရာကနေ အဖမ်းခံခဲ့ရပြီး နိုဝင်ဘာလ ၁၈ ရက်မှာ စစ်တွေကို ရေတပ်သင်္ဘောနဲ့ ပြန်ပို့ခံခဲ့ရတာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN