ကျောက်တန်းမှာ ရခိုင်ဒုက္ခသည်စခန်းက မွတ်ဆလင် ၁၀၆ ဦး ကို ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Aye Mya Mya Myo Facebook
ရခိုင်ပြည်နယ်ဘက်က စက်လှေနဲ့ ရောက်ရှိလာသူ ၁၀၆ ဦး ကို ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သံတဲကျေးရွာနားမှာ ဖမ်းမိခဲ့တယ်လို့ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဘီဘီစီကို အတည်ပြုပြောပါတယ်။
အမျိုးသား ၅၀၊ အမျိုးသမီး ၃၁ ယောက် နဲ့ ကလေး၂၅ ယောက် တို့ဖြစ်ပြီး ညဖက် ၁ နာရီဝန်းကျင်လောက်မှာ ပင်လယ်ကမ်းစပ်နားက သံတဲကျေးရွာကို ရေလမ်းခရီးကနေ စက်လှေနဲ့ ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာရှိတဲ့ နာဇီရပ်ကွက်က ရောက်လာကြတာဖြစ်ပြီး ဒီကနေ မလေးရှားဘက် သွားဖို့ ရောက်လာကြတယ်ဆိုပြီး ကနဦး ထွက်ချက်ပေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က ပြောပါတယ်။
ရောက်လာကြသူတွေမှာ သက်သေခံထောက်အထားတွေ စစ်ဆေးမတွေ့ရသေးတာကြောင့် သူတို့တွေကို လောလောဆယ်မှာ သံတဲ ကျေးရွာရဲ့ ဆိုင်ကလုန်းရှယ်လ်တာမှာ ထားထားပြီး အချက်အလက်တွေ စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ဒေါ်သက်သက်မူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aye Mya Mya Myo Facebook
လက်ရှိမှာ ရန်ကုန်တိုင်းအစိုးရက နယ်လုံဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေရောက်လာဖို့ ရှိနေပြီး အချက်အလက်အသေးစိတ် စစ်ဆေးသွားမယ်လို့ ဒေါ်သက်သက်မူ က ပြောပါတယ်။
တချိန်တည်းမှာပဲ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံသူတွေထဲက နေရပ်ပြန်လိုသူ ပထမအသုတ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်ထားပေမယ့် အခုထိ ပြန်လာသူ တဦးတယောက်မှ မရှိသေးပါဘူး။
နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကတော့ ဒုက္ခသည်ပြန်ပို့ရေး အစီစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဖက် လိုက်ပါဆောင်ရွက်ရမယ့် ကိစ္စတွေမှာ အားနည်းခဲ့လို့ အစီစဉ်ဟာ နှောင့်နှေးနေခဲ့ရတာ ဖြစ်တယ်လို့ ပြောထားပါတယ်။




