ဒုက္ခသည်တွေ ပြန်မလာသေးတာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဆောင်ရွက်မှု အားနည်းတာကြောင့်လို့ ဆို

ရိုဟင်ဂျာ၊ နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေး အစီအစဉ်၊ ဘင်္ဂလားဒေ့ရှ်၊

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကာယကံရှင် ပုဂ္ဂိုလ်တွေ ကိုယ်တိုင် ပုံစံ မဖြည့်စွက်ရတဲ့အတွက် အခုလို ကြန့်ကြာမှုတွေ ဖြစ်ရတာလို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြော

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံသွားသူ ပထမအသုတ်ကို နိုဝင်ဘာလ ၁၅ ရက်မှာ မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်ထားပေမယ့် တဦးတလေမှ ပြန်မလာတာဟာ ဘင်္ဂလားဒေ့ရှ် ဘက်က ဆောင်ရွက်မှု အားနည်းတဲ့ အတွက် ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံအကြား သဘောတူထားတဲ့ Physical Arrangement နဲ့အညီ စိစစ်ပြီး ဖြစ်တဲ့ နေရပ်စွန့်ခွာသူ ၂၂၆၁ ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်လက်ခံဖို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေ တောင်ပြိုလက်ဝဲ ချစ်ကြည်ရေး ဂိတ်ကနေ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ၊ နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေး အစီအစဉ်၊ ဘင်္ဂလားဒေ့ရှ်၊

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, ပြန်လာမယ့်သူတွေကို နိုဝင်ဘာလ ၁၅ရက်ကစလို့ တနေ့ကို ၁၅၀ လက်ခံသွားဖို့ မြန်မာဘက်က ပြင်ဆင်ထား

ဒါပေမယ့် နေရပ်စွန့်ခွာသူ တဦးမှ လွှဲပြောင်းခြင်း မရှိတာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒီ Physical Arrangement ကို လိုက်နာဆောင်ရွက်မှု အားနည်းခဲ့တဲ့ အတွက်ကြောင့် ဆိုတာကို သုံးသပ်မိတယ်လို့ သူက ပြောပါတယ်။

ပထမအကြိမ် ပေးအပ်ခဲ့တဲ့ ဒုက္ခသည် ၈၀၂၃ ဦးရဲ့ ပုံစံတွေကို ဖြည့်စွက်ရာမှာ ဒုက္ခသည်စခန်းတွေက ကာယကံရှင် ပုဂ္ဂိုလ်တွေ ကိုယ်တိုင် ဖြည့်စွက်ရတာ မဟုတ်တဲ့အတွက် အခုလို မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်ရတာလို့ ဆိုပါတယ်။

ကူတူးပလောင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဟိန္ဒူ ဒုက္ခသည် ၄၃၈ ဦး ရှိပြီး အဲဒီလူတွေနဲ့ မြန်မာ ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့စဉ်က မြန်မာနိုင်ငံကို သူတို့ ပြန်လာချင်တယ် ဆိုတာကို ပြောပြခဲ့ကြတယ်လို့ ဦးမြင့်သူက ပြောပါတယ်။

နေရပ်စွန့်ခွာသွားသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တတိယနိုင်ငံ တခုခု (ဥပမာ) ကနေဒါလို နိုင်ငံမျိုးကို သွားလိုသူတွေ၊ ၂၀၁၆-၂၀၁၇ ခုနှစ်တုန်းက အာဆာ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်ခဲ့သူတွေကတော့ မြန်မာနိုင်ငံ ဘက်ခြမ်း ပြန်လာလိုကြမှာ မဟုတ်ကြောင်း၊ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ နေအိမ်၊ မိသားစု ဆွေမျိုး ကျန်ရစ်ခဲ့သူတွေ၊ လယ်ယာ၊ ငါးဖမ်း လုပ်ငန်း၊ စီးပွားရေး လုပ်ငန်း ရှိသူတွေကတော့ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လာလိုကြကြောင်း ဦးမြင့်သူက ပြောပါတယ်။

ရိုဟင်ဂျာ၊ နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေး အစီအစဉ်၊ ဘင်္ဂလားဒေ့ရှ်၊

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နိုင်ငံသား ဖြစ်ခွင့်နဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးမှ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ ရိုဟင်ဂျာတွေ အော်ဟစ် ဆန္ဒပြ

အဲဒီအတွက် တဘက်နိုင်ငံကနေ ပြန်လည် စေလွှတ်ရာမှာ နေရပ် မပြန်လိုသူတွေကို တွန်းအားပေး စေလွှတ်နေရင်တော့ ပြန်လာကြမှာ မဟုတ်ပဲ မိမိဆန္ဒအလျောက် ပြန်လာလိုသူတွေကို ဦးစားပေး လွှတ်မှသာ ပြန်လည် လက်ခံရေး အစီအစဉ်က အဆင်ပြေမယ်လို့လည်း ဆိုပါတယ်။

နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေး နဲ့ ပတ်သက်လို့ မြန်မာ အစိုးရ အနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက သတင်းထောက် တွေကို ပြောသွားပါတယ်။