မြန်မာပြည်ကို ရိုဟင်ဂျာတွေ ပြန်ပို့မှု အိန္ဒိယကို ဝေဖန်နေကြ

rohingya

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မိုရေးမှာ မြန်မာဘက် လွှဲပေး

အန္တရာယ် ရှိကြောင်း သတိပေးနေတဲ့ကြားက ရိုဟင်ဂျာ မွတ်ဆလင် ၇ ယောက်ကို အိန္ဒိယကနေ မြန်မာပြည် ပြန်ပို့ခဲ့ပါတယ်။

သူတို့ကို ပြန်ပို့တဲ့ ကိစ္စမှာ တားဆီးဖို့ ကြားမဝင်နိုင်ဘူးဆိုပြီး အိန္ဒိယ တရားရုံးချုပ်ကလည်း ငြင်းဆိုခဲ့ပါတယ်။

ဒီလူတွေဟာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ၂ဝ၁၂ ကတည်းက ထိန်းသိမ်းခံနေရတဲ့ အမျိုးသားတွေ ဖြစ်ကြပါတယ်။

Rohingya Muslim refugee children from Myanmar study at a makeshift madrasa (religious school) on World Refugee Day in the outskirts of the Indian city Jammu on June 20, 2017.

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ နေတဲ့ ရိုဟင်ဂျာ လေးသောင်းလောက်ရှိ

အောက်တိုဘာလ ၄ ရက်က ပြန်ပို့ခဲ့တဲ့ ဒီလူ ၇ ယောက်ကို အာသံ ပြည်နယ်က ထိန်းသိမ်းရေး စခန်းတခုမှာ ထားခဲ့ပါတယ်။

သူတို့ကို မဏိပူရ ပြည်နယ် မိုရေး နယ်ခြားစခန်းကနေ မြန်မာဘက်ကို လွှဲပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့တဲ့သူတွေဟာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထွက်ပြေးသွားတဲ့သူတွေ ဖြစ်ပါတယ် ။

သူတို့တွေရဲ့အချက်အလက်တွေကို စစ်ကြည့်တဲ့အခါ မြန်မာနိုင်ငံမှာနေထိုင်ခဲ့တာ မှန်ကန်တဲ့အတွက် ပြန်လည်လက်ခံတာဖြစ်တယ်လို့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင် ၂၇ ဦး အိန္ဒိယ နိုင်ငံထဲထွက်ပြေးသွားခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုနဲ့ အဖမ်းခဲ့ရပါတယ် ။

အဲဒီလို အဖမ်းခံရပြီး နောက်ပိုင်း ထောင် ၃ လ ချခံရပြီးနောက် ဒုက္ခသည်စခန်းတခုမှာ ထိန်းသိမ်းထားတာပါ။

Rohingya refugees from Rakhine state in Myanmar walk along a path near Teknaf in Bangladesh on September 3, 2017.

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မြန်မာပြည်က သိန်းချီ ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

အဲဒီထဲကမှ ၇ ဦးဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ အထောက်အထားတွေ ပြနိုင်အတွက် မြန်မာအစိုးရက ပြန်လည်လက်ခံတာ ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းကလည်း ကုလသမဂ္ဂမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး ဆွေးနွေးခဲ့ပါတယ်။

အဲဒီလိုဆွေးပြီးတဲ့နောက်မှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် UNDP နဲ့ UNHCR က စတင်ဆောင်ရွက်နေပြီလို့လည်း ဦးဇော်ဌေးကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လကုန်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာကြောင့် သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာ ဘင်္ဂလားဒေရှ်နိုင်ငံထဲ ထွက်ပြေးသွားခဲ့ပါတယ် ။

အဲဒီလိုထွက်ပြေးသွားတာ တနှစ်ကျော် ပြီဖြစ်ပေမယ့် အခုချိန်ထိတော့ တရားဝင်စခန်းကပြန်လာတဲ့သူဟာ ၁ဝ ယောက် ခန့်သာ ရှိပါသေးတယ်။

မြန်မာ အစိုးရက လက်ခံ အသိအမှတ်ပြုပြီး ခရီးသွား လက်မှတ်တွေ ထုတ်ပေးတယ်လို့လည်း အာသံက အစိုးရ အရာရှိကြီး တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဒီလူတွေမှာ အန္တရာယ် ရှိနိုင်မှန်း သိလျက်နဲ့ ပြန်ခိုင်းတာဟာ နိုင်ငံတကာ ဥပဒေ သတ်မှတ်ချက်တွေကို အိန္ဒိယ အစိုးရက ချိုးဖောက်တယ် ဆိုပြီးလည်း ကုလသမဂ္ဂ လူမျိုးခွဲခြားမှု တိုက်ဖျက်ရေး အထူး ကိုယ်စားလှယ် က ဆိုပါတယ်။

ဒီအမျိုးသားတွေရဲ့ လူမျိုး နောက်ခံကြောင့် သူတို့ကို ကာကွယ် စောင့်ရှောက်ပေးရမယ့် တာဝန်ကို ငြင်းဆန်တာပဲလို့လည်း သူက ဆိုပါတယ်။

သြဂုတ်လကလည်း ရိုဟင်ဂျာ အမျိုးသား နှစ်ယောက်ကို ပြန်ပို့လိုက်ပြီလို့ အိန္ဒိယ အရာရှိတွေက ဆိုပါတယ်။ မြန်မာဘက်ကတော့ ဒါကို အတည်မပြုသေးပါဘူး။

မနှစ်ကလည်း အိန္ဒိယမှာ ရှိတဲ့ ရိုဟင်ဂျာ လေးသောင်းလောက်ကို ပြန့်ပို့မယ် ဆိုပြီး အိန္ဒိယ အစိုးရက ပြောပါတယ်။ ဒီထဲမှာ ကုလသမဂ္ဂမှာ ဒုက္ခသည် အဖြစ် စာရင်းသွင်းထားသူ ၁၈,ဝဝဝ လောက် ပါပါတယ်။

A general view shows a refugee camp set up by Rohingya Muslims in the old city of Hyderabad on June 29, 2016.

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဟိုင်ဒြာဘတ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ

နိုင်ငံတကာက မြန်မာကို ဖိအားပေးနေချိန်မှာပဲ အိန္ဒိယနဲ့ မြန်မာကြား စစ်တပ်ချင်း ဆက်ဆံရေး ကောင်းမွန်ဖို့ အိန္ဒိယဘက်က ကြိုးစားနေပါတယ်။

အိန္ဒိယ အရှေ့မြောက် နယ်စပ်က လက်နက်ကိုင်တွေ လှုပ်ရှားမှုကို မြန်မာ စစ်တပ် အကူအညီနဲ့ အိန္ဒိယက နှိမ်နင်းဖို့ ကြိုးစားနေတယ်လို့လည်း သိရပြီး ဒီလက်နက်ကိုင်တွေက မြန်မာပြည်ထဲမှာ အခြေစိုက် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ တရုတ်ရဲ့ သြဇာ ကြီးလာတာကို တုံ့ပြန်ဖို့ အိန္ဒိယက ကြိုးစားနေချိန်လည်း ဖြစ်ပါတယ်။