ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ မြန်မာနိုင်ငံကို ပြန်ပို့မယ့် ရိုဟင်ဂျာ ပထမအသုတ်ထဲက တယောက်မှ ပြန်မလာကြ

ရိုဟင်ဂျာ၊ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ်

ဓာတ်ပုံ ရင်းမြစ်, BBC Bengali Service

ဓာတ်ပုံ ပုံစာ, နိုင်ငံသား ဖြစ်ခွင့်၊ နိုင်ငံသား အခွင့်အရေးနဲ့ လုံခြုံ စိတ်ချမှု မရှိမချင်း မြန်မာနိုင်ငံဘက်ခြမ်း ပြန်မှာ မဟုတ်ဘူးလို့ ရိုဟင်ဂျာ မွတ်ဆလင်တွေက ပြောနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံသွားကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေထဲက ပထမအသုတ်ကို နိုဝင်ဘာလ ၁၅ရက်မှာ မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်ထားပေမယ့် ညနေပိုင်းအထိ တဦးတလေမှ မြန်မာနိုင်ငံဘက် ပြန်လာတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံဘက်ခြမ်းမှာ စလက်ခံဖို့ မြန်မာ အစိုးရနဲ့ ဘင်္ဂလာဒေ့ရှ် အစိုးရ အကြား သဘောတူထားခဲ့တဲ့ လူစာရင်း ၂ ထောင်ကျော် ထဲက အတော်များများဟာ မြန်မာနိုင်ငံဘက်ခြမ်း ပြန်မလာချင်တဲ့အတွက် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေး ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။

ကိုယ့်သဘောဆန္ဒနဲ့ ကိုယ် ပြန်လိုတဲ့ သူတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက လိုက်လံ ရှာဖွေနေပေမယ့် အတင်းပြန်လွှတ်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားတဲ့ အစီအစဉ်အရ ဘတ်စ်ကားတွေနဲ့ ဒုက္ခသည်တွေကို ပြန်ပို့ပေးဖို့ နယ်စပ်က ကြားခံစခန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဒုက္ခသည်များ မဟာမင်းကြီး ကိုယ်တိုင် သွားစောင့် နေခဲ့ပေမယ့် ရိုဟင်ဂျာ တဦးတလေမှ ရောက်မလာခဲ့ကြပါဘူး။

အဲဒီ လွှဲပြောင်းရေး ဂိတ်စခန်းနားက အထူးစခန်းတခုမှာ မြန်မာပြည်ဘက်ခြမ်း ပြန်ပို့မယ့် အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အမျိုးသမီးတွေ ကလေးတွေ အပါအ၀င် ဒုက္ခသည် တထောင်ကျော်လောက်က နိုင်ငံသား ဖြစ်ခွင့်နဲ့ နိုင်ငံသား အခွင့်အရေးတွေ မရမချင်း ပြန်မှာ မဟုတ်ဘူးလို့ ရေးထားတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။

ရိုဟင်ဂျာ၊ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံဘက်ခြမ်း ပြန်ပို့မယ့် ဘတ်စ်ကားတွေပေါ် မတက်ဘဲ ရိုဟင်ဂျာတွေ ဆန္ဒပြနေကြ

မြန်မာနိုင်ငံဘက်မှာလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ အဖွဲ့က မောင်တောမြို့နယ် တောင်ပြို လက်ဝဲ ပြန်လည် လက်ခံရေး စခန်းမှာ စောင့်ဆိုင်းနေပေမယ့် ဒုက္ခသည်တွေ ရောက်မလာခဲ့ပါဘူး။

ဒုက္ခသည်တွေ သူတို့ ဆန္ဒအလျောက် မြန်မာနိုင်ငံဘက်ခြမ်း ပြန်ချင်ကြသလား ဆိုတာကို ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ အဖွဲ့က မေးမြန်း စုံစမ်းခဲ့ရာမှာ သူတို့ တွေ့ဆုံ မေးမြန်းခဲ့တဲ့ မိသားစု အားလုံးက ပြန်ဖို့ ဆန္ဒ မရှိဘူးလို့ ပြောပြကြပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့လို လှုပ်ရှား တောင်းဆိုတဲ့ အဖွဲ့တွေကလည်း ရိုဟင်ဂျာတွေ ပြန်ပို့ရေး အစီအစဉ်တွေကို ချက်ချင်း ဆိုင်းငံ့ထားဖို့ တောင်းဆိုထားပါတယ်။