တပ်မတော်နဲ့ ဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းကို ရှေ့ဆက်သွားမယ်လို့ RCSS ပြော

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA

ဓာတ်ပုံ ရင်းမြစ်, Tai Freedom

ဓာတ်ပုံ ပုံစာ, ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA က အစိုးရနဲ့အကြား ချုပ်ဆိုခဲ့တဲ့ ပြည်နယ်၊ ပြည်ထောင်စုအဆင့်ဆင့် သဘောတူညီချက် အဓိပ္ပာယ် ဖွင့်ဆိုချက်တွေဟာ တပ်မတော်နဲ့ RCSS အကြား နားလည်မှု ကွဲလွဲနေလို့ တပ်မတော်နဲ့ ပြန်လည် တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာ ၁၂ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီလိုထုတ်ပြန်ရတာနဲ့ ပတ်သတ်ပြီး RCSS ရဲ့ ဒုတိယဗိုလ်မှုးကြီး စိုင်းဦးက " အဓိက ကတော့ တပ်နေရာ ချထားရေး ကိစ္စပေါ့နော်၊ တပ်နေရာ ချထားရေးက သတ်မှတ်ထားတာ မရှိသေးဘူး၊ သူတို့က အတည်ပြုပြီး လိုလိုနဲ့ ကျွန်တော်တို့က တပ်နေရာချထားရေးကို ကွင်းဆင်းစစ်ဆေးမယ်လို့ပဲ ပြောသေးတာ" လို့ ဆိုပါတယ်။

လောလောဆယ်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ မရှိသလို၊ ဒီအတိုင်း ရှေ့ဆက်သွားမယ်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်း ရှေ့ဆက်မှာမဟုတ်လို့ ရပ်နားထားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါက လုံးဝမလုပ်ဘူးလို့ ပြောတာမဟုတ်ကြောင်းနဲ့ တကယ်လို့ ညှိနှိုင်းရတယ်၊ ရှေ့ဆက်သွားလို့ ရတယ်ဆို ရင်တော့ ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဒုဗိုလ်မှုးကြီး စိုင်းဦးက ဆိုပါတယ်။

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အဆင့်ဆင့် အစည်းအဝေးတွေမှာ အစိုးရနဲ့ RCSS အကြား ချုပ်ဆိုခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်တွေကို တပ်မတော်က သူတို့နားလည်တဲ့အတိုင်း RCSS အပေါ် တဖက်သတ် အပြစ်ပုံချ ဆွေးနွေးနေတာကို တွေ့ရတယ်လို့လည်း RCSS က အဲဒီကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဒါကြောင့် တပ်မတော်နဲ့ RCSS အကြား အပြန်အလှန် နားလည်မှုရအောင် ပြန်လည်တွေ့ဆုံ ဆွေးနွေးမှုကနေ ရရှိလာတဲ့ ရလဒ်တွေအပေါ် မူတည်ပြီး JMC အစည်းအဝေးတွေ ဆက်လက် တက်ရောက်နိုင်မှု ရှိမရှိ ဆုံးဖြတ်မယ်လို့ RCSS က ပြောပါတယ်။

အလားတူ ပြည်ထောင်စုက ဘယ်သောအခါမှ ခွဲမထွက်ရ ဆိုတဲ့အချက်ကလည်း NCA မှာ မပါဝင်တဲ့အတွက် ဒါနဲ့ ပတ်သတ်ပြီး RCSS အနေနဲ့ NCA အတိုင်းပဲ ရပ်တည်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

" NCA ထဲမှာ မပါတဲ့ကိစ္စကို ထည့်ပြီး ဆွေးနွေးတယ်။ ဒီကိစ္စက ကျွန်တော်တို့ တစ်ဖွဲ့တည်း ဆုံးဖြတ်လို့ မရဘူး၊ တခြား နိုင်ငံရေးပါတီတွေ လက်နက်ကိုင်အဖွဲ့တွေလည်း အကုန်ပါမှ ဆုံးဖြတ်ချက်ချလို့ရမယ်" ဒုဗိုလ်မှုးကြီး စိုင်းဦးက ဆိုပါတယ်။

၂၀၁၇ အတွင်းက နေပြည်တော်ရောက် RCSS/SSA ကိုယ်စားလှယ်အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, SAI LEARN

ဓာတ်ပုံ ပုံစာ, ၂၀၁၇ အတွင်းက နေပြည်တော်ရောက် RCSS/SSA ကိုယ်စားလှယ်အဖွဲ့

တခုတည်းသော တပ်မတော်နဲ့ ပတ်သက်လို့ အစိုးရ၊ တပ်မတော်နဲ့ RCSS အကြား အလွတ်သဘော ဆွေးနွေးမှုတွေကနေ အဖြေရှာလက်ခံဖို့က နိုင်ငံရေးဆွေးနွေးချက်တွေအပြင် လုံခြုံရေးဆိုင်ရာကိုလည်း ပြန်ဆွေးနွေးရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

JMC ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်တွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ နိုင်ငံတကာ ပါဝင်မှု အခန်းကဏ္ဍကိုလည်း လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ RCSS ရဲ့ ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

မကြာသေးခင်ကလည်း NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးမှုတွေကို ယာယီ ရပ်ဆိုင်းထားဦးမယ်လို့ နိုဝင်ဘာလ ၁၀ ရက်က ကြေညာခဲ့ပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းမှာ ဖြစ်လာမယ့် အခက်အခဲတွေကို ဖြေရှင်းဖို့နဲ့ ပတ်သတ်ပြီး နှစ်ဖက်ညှိနှိုင်းမယ်၊ တွေ့ဆုံမယ်၊ အဖြေရှာကြမယ်ဆို နည်းလမ်းတွေ့မယ်လို့ ယုံကြည်တဲ့အပြင် နှစ်ဖက်စလုံးကပါ အလျော့အတင်း လုပ်ပေးဖိုလိုကြောင်းနဲ့ တဖက်တည်းတင်းနေ တဖက်တည်းကိုပဲ ဆွဲခေါ်နေရင်တော့ ငြိမ်းချမ်းရေးကို လုပ်မရဘူးလို့ ဒုဗိုလ်မှုးကြီး စိုင်းဦးက ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ KNU အဖွဲ့နဲ့ RCSS အဖွဲ့တွေက အခုလို ထုတ်ပြန်ပြောဆိုလာတာက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့ဆက်နိုင်ပါ့တော့မလားဆိုပြီး တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။

ဗီဒီယို ပုံစာ, ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်