မပြီးဆုံးသေးတဲ့ ငြိမ်းချမ်းရေး ခရီးစဉ်အစ

ဓာတ်ပုံ ရင်းမြစ်, AFP
- ရေးသားသူ, ညိုအုန်းမြင့်
- ရာထူးတာဝန်, မြန်မာ့ငြိမ်းချမ်းရေးစင်တာအဖွဲ့ဝင်ဟောင်း
မြန်မာ့ငြိမ်းချမ်းရေးကို အနောက်နိုင်ငံတွေမှာ သင်ကြားရတဲ့ သဘောတရားတွေ၊ အဆိုအမိန့်တွေနဲ့ ချဉ်းကပ်ရာမှာ လက်တွေ့ မြေပြင် ကန့်လန့်ကာ နောက်ကွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သဘောတရား အယူအဆနဲ့ ချဉ်းကပ်လို့ အချိန်မလောက်တဲ့ အခါ အတွေ့အကြုံနဲ့ ယှဉ်ပြီး အသုံးချခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တာဝန်ရှိလာခဲ့ပါတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်းကတည်းက ရှိနေပြီး မြန်မာနိုင်ငံရဲ့ နာတာရှည် ပန်းနာရင်ကျပ် ရောဂါကြီးလို ဖြစ်နေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အဆုံးမသတ်နိုင်ခဲ့ဘူးဆိုရင် အနာဂတ်မှာ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပရမယ့် ဒီမိုကရေစီ ရွေးကောက်ပွဲတွေအတွက် အဟန့်အတား ဖြစ်စေမှာ ဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်လည်း ဘယ်တော့မှ မရတော့တဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။
အခုလို ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် သမ္မတ ဦးသိန်းစိန်ရဲ့ စဉ်းစားမှုကို လက်တွေ့ အကောင်အထည်ဖော်ပြီး လုပ်ငန်းဆောင်ရွက် လည်ပတ်နိုင်ဖို့ အဖွဲ့တခု လိုလာပါတယ်။
အခုလို အဖွဲ့အတွက် သမ္မတကြီး ဦးသိန်းစိန်က ဝန်ကြီး ဦးအောင်မင်းနဲ့ ကွယ်လွန်သူ လွှတ်တော်အမတ် ဦးအောင်သောင်းတို့ကို နှစ်ဖွဲ့ခွဲပြီး နိုင်ငံ အနှံ့လုပ်ဆောင်ဖို့ စေလွှတ်ခဲ့ပါတယ်။
ယခင် တပ်မတော်အစိုးရလက်ထက် အုပ်ချုပ်ရေးအပိုင်းကို တာဝန်ခံရသူ ဗိုလ်ချုပ်ကြီးသိန်းစိန် အနေနဲ့ အုပ်ချုပ်မှုပိုင်းကို ကျွမ်းကျင်ပေမယ့်လည်း ငြိမ်းချမ်းရေး အပိုင်းမှာတော့ မြေစမ်းခရမ်းပျိုး အဆင့်သာ ရှိသေးသလို ဝန်ကြီးဦးအောင်မင်းကလည်း ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကြီးကို ကိုင်တွယ်ဖို့ အခက်အခဲတွေ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၇၀ နီးပါး ပဋိပက္ခတွေကြောင့် နှစ်ဘက် ယုံကြည်မှု မရှိကြဘဲ တဘက်နဲ့ တဘက် ရန်သူတွေ ဖြစ်ခဲ့ကြတဲ့အတွက် အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ထောင်ချောက်ဆင်မှုအဖြစ် တိုင်းရင်းသားခေါင်းဆောင်တွေအကြား အဓိပ္ပာယ် ဖွင့်ခဲ့တာတွေလည်း များခဲ့ပါတယ်။
တိုင်ရင်းသားခေါင်းဆောင်တွေဘက်ကလည်း အစိုးရသစ်ကို ယုံရလောက်အောင် ယခင်ဖြစ်ပျက်ခဲ့တာတွေ အားလုံးက အထောက်အပံ့ ပေးနိုင်တဲ့ အခြေအနေ မရှိခဲ့ပါဘူး။
၂၀၁၀ ပြည့်နှစ် မတိုင်ခင်က စလို့ Myanmar Egress တည်ထောင်သူတွေနဲ့ ခိုးကြောင်ခိုးဝှက် တွေ့ဆုံပြီး မြန်မာနိုင်ငံ အပြောင်းအလဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာ မမှားနိုင်ပါဘူးလို့လည်း အားတင်း မိပါတယ်။
ပထမဆုံး စိန်ခေါ်မှုကတော့ အစိုးရနဲ့ KNU အကြား ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးအပြီးမှာ KNU ခေါင်းဆောင် တချို့က အမြင်မရှင်းတဲ့ ပြဿနာ ဖြစ်ပါတယ်။
အခုအချိန်အထိလည်း သူတို့ဘက်က စိုးရိမ်စိတ် ရှိနေဆဲဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲ အခြေအနေကို ပြောင်းပြန် ဖြစ်သွားနိုင်ခြေ ရှိနေပါတယ်။
မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန MPC မပေါ်ခင် အချိန်မှာ KNU နဲ့ အစိုးရတို့ လက်မှတ်ထိုးခဲ့တာ ဖြစ်ပေမယ့်လည်း လိုအပ်တွေ ရှိနေပါသေးတယ်။
မြန်မာနိုင်ငံမှာ အနှစ်အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခကို စတင်ခဲ့တဲ့ KNU အနေနဲ့ ငြိမ်းချမ်းရေးရဖို့နဲ့ ပျက်မသွားဖို့ အင်မတန် အရေးကြီးပါတယ်။
သမ္မတကြီး ဦးသိန်းစိန်ဘက်ကဆိုရင်လည်း ငြိမ်းချမ်းရေး ကြိုးစားမှုက သူ့အတွက် ဘဝအတန်းတင် စာမေးပွဲ ဖြေရသလို အရေးကြီးခဲ့ပြီး သူ့ရဲ့ နိုင်ငံရေး သိက္ခာနဲ့ အစိုးရရဲ့ ပွဲဦးထွက် ကျဆုံးမှု တပါတည်း ဖြစ်သွားနိုင်တဲ့ ကိစ္စလည်း ဖြစ်ခဲ့ပါတယ်။
မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဦးလှမောင်ရွှေရဲ့ အခန်းကဏ္ဍကလည်း ဖယ်ထုတ်လို့ မရပါဘူး။
KNU ဒုဥက္ကဋ္ဌ ဆရာမ နော်စီဖိုးရာစိန် အနေနဲ့ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပူးပေါင်းပြီး ဦးသိန်းစိန် အစိုးရကို ပုတ်ခတ် တိုက်ခိုက်မယ်ဆိုတဲ့ ကောလဟာလကို ချေဖျက်ပေးဖို့အတွက် ဆရာမ နော်စီဖိုးရာစိန်ကို နားချပေးဖို့ NLD အဖွဲ့ဝင်ဟောင်း၊ UMFCCI ဒုဥက္ကဋ္ဌနဲ့ Myanmar Egress ဒုဥက္ကဋ္ဌတို့ ဖြစ်ခဲ့သူ ဦးလှမောင်ရွှေက ကျွန်တော့ကို ဖုန်းဆက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nyo Ohn Myint
ဒီကိစ္စကလည်း ဝန်ကြီးဦးအောင်မင်းက KNU နဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးလို့ ရသည့်တိုင်အောင် ကြုံရနိုင်တဲ့ အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ်။
ကျွန်တော်ကလည်း အဲဒီအချိန်က ယခင် တပ်မတော် အစိုးရလက်ထက် မျက်ကွယ်မှာ တရားစီရင်ခံထားရသူ ဖြစ်ပြီး မြန်မာပြည် ပြန်ခွင့်မရသေးဘဲ ဖြစ်နေပါတယ်။
အဲဒီအချိန် ကျွန်တော့မှာလည်း ချင်းမိုင် - မဲဆောက် ခရီးကို ကားငှားသွားဖို့ ငွေကြေး အလုံအလောက် မရှိဘဲ ဖြစ်နေပါတယ်။
ဒါပေမယ့်လည်း သတင်းရတဲ့အချိန်မှာ ဆရာမ နော်စီဖိုးရာစိန်ဆီကို ရောက်အောင်သွားဖို့ ကြိုးစားခဲ့ပြီး ချင်းမိုင် - မဲဆောက် ကားထွက်ချိန်နဲ့ မမီတဲ့အတွက် ချင်းမိုင် - ဘန်ကောက်ကားစီးပြီး မဲဆောက်သွားဖို့ တပ်(ခ်) မြို့မှာ ပြောင်းစီးပြီး ရအောင် သွားတွေ့ခဲ့ပါတယ်။
ဘန်ကောက်ကားပေါ်ရောက်တဲ့ အချိန်မှာပဲ KNU အတွင်း နိုင်ငံရေး အခြေအနေကို မသိ နားမလည်သေးတဲ့ ဝန်ကြီး ဦးအောင်မင်းက စိုးရိမ်ပြီး ဖုန်းဆက်လာပါတယ်။
သူကလည်း KNU တပ်မဟာ ၅ နဲ့ တခြား တပ်မဟာတချို့ရဲ့ စစ်ရေး လှုပ်ရှားမှု သတင်းနဲ့ တပ်မတော်ဘက်က ကြိုတင်ပြင်ဆင်မှု အခြေအနေတွေကြောင့် စိုးရိမ်နေတာ ဖြစ်ပြီး KNU နဲ့ တပ်မတော်အကြား နားလည်မှု ပျက်သွားနိုင်တဲ့ အခြေအနေ ရောက်ခဲ့တာပါ။
ဒီလို အရေးတကြီး ဖြစ်နေတဲ့ အချိန်မှာ နှစ်ဘက် နားလည်မှု လွဲတာကို အဖြေရှာဖို့အတွက် ဆရာမ နော်စီဖိုးရာ ရှိတဲ့ KNU ဆက်သွယ်ရေးရုံးကို ကားဂိတ်ကနေ မော်တော်ဆိုင်ကယ် တက္ကဆီနဲ့ ည ၈ နာရီကျော်ကျော်မှာ အရောက်သွားခဲ့ပြီး တဘက်စီကို အခြေအနေတွေ ရှင်းပြပြီး ဆရာမနဲ့ ဝန်ကြီးတို့ကိုလည်း ဖုန်းနဲ့ နှစ်ဖက် ပြောစေပြီးမှ နားလည်မှု လွဲတာတွေ အားလုံး ရှင်းသွားခဲ့ပါတယ်။
ဆရာမကြီးကို ရှင်းပြအပြီးမှာ ဆရာမကြီးက ကျွန်တော့ကို "ကိုညိုအုန်းမြင့်ကို မေးမလို့၊ ဒေါ်အောင်ဆန်းစုကြည် မဲဆောက်နဲ့ မယ်လ ဒုက္ခသည်စခန်းကို လာမယ် ကြားတယ်၊ သူလာရင် ကျွန်မတို့ကို တွေ့မှာလား" လို့ မေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ဒုဥက္ကဋ္ဌ ဆရာမ နော်စီဖိုးရာစိန်တို့ လက်ချင်းတွဲပြီး အစိုးရ ဆန့်ကျင်ရေး လုပ်မယ်လို့ မြန်မာ အစိုးရဘက်က ထင်မြင်ချက်ကြောင့်လည်း သူက အခုလို မေးတာ ဖြစ်နိုင်ပါတယ်။
KNU ဆက်သွယ်ရေးရုံးက ကားနဲ့ တည်းခိုမယ့် ဟိုတယ်ကို လိုက်ပို့တဲ့ အခါကျမှ ကျွန်တော် နေ့လယ်စာ မစားရသေးတာကို သတိရပြီး ည ၁၀ နာရီမှာ မဲဆောက် လမ်းဘေးဆိုင်က ထမင်းကြော် တပွဲမှာပြီး နေ့လယ်စာနဲ့ ညစာ ပေါင်းစားဖြစ်ပါတယ်။
သမ္မတဆီကိုတော့ နောက်တနေ့မနက်မှာ ဝန်ကြီးဦးအောင်မင်းက သတင်းကောင်းကို ပြေးအစီအရင်ခံရပါတယ်။
အဲဒီနေ့အတွက်တော့ ဦးလှမောင်ရွှေရဲ့ ဖုန်းက ည ၁၀ နာရီကျော်လို့ ပိတ်ထားတဲ့အတွက် စကားပြောခွင့် မရခဲ့ပါဘူး။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တာမလာဘောကတော့ ဝန်ကြီး ဦးအောင်မင်းနဲ့ ဖုန်းဆက် စကားပြောချင်တယ်လို့ ပြောလာတဲ့အတွက် နောက်တနေ့မှာ အဖူး တာမလာဘောရှိတဲ့ မယ်စရီယန်ဘက်ကို ခရီးဆက်ခဲ့ရပါတယ်။
ရောက်တဲ့အချိန်မှာလည်း အဖူး တာမလာဘောက အစိုးရဘက် ငြိမ်းချမ်းရေး စစ်မှန်တယ်ဆိုရင် ထောက်ခံမယ်ဆိုတဲ့ စကားကြောင့် ဒုဥက္ကဋ္ဌရော၊ တွဲဖက် အတွင်းရေးမှူးရော မျက်နှာတွေ ရွှင်ပြနေတာကို အမှတ်မထင် မြင်ခဲ့ရပါတယ်။
နောက်တနေ့မှာ ချင်းမိုင်ပြန်ဖို့ ကားလက်မှတ်ပိတ်သွားတဲ့အတွက် မဲဆောက် - တပ်(ခ်) ကားအသေးလေးနဲ့ လိုက်ပြီး ချင်းမိုင်သွားတဲ့ကား ပြောင်းစီးရမယ်လို့ စဉ်းစားပြီးချိန်မှာ မဲဆောက်မြို့လည်း အိပ်မော ကျနေပါပြီ။
NCA ငြိမ်းချမ်းရေး မူကြမ်းကိုသမ္မတဦးသိန်းစိန် ရှေ့မှောက် မတ်လ၃၀ ရက်မှာ သဘောတူညီခဲ့ကြပေမယ့် နောက်ဆက်တွဲ ကျန်တာတွေကို ညှိဖို့ဆိုပြီး KNU အုပ်ချုပ်ရေးနယ်မြေ လောခိလာမှာ ထပ်ဆွေးနွေးကြ ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nyo Ohn Myint
KNU ဖဒိုမန်းမန်းရဲ့ စိုးရိမ်မှုတွေကြောင့် NCA လက်မှတ်ရေးထိုးပွဲ ပျက်မလို မသေချာတော့သလိုလည်း ဖြစ်သွားခဲ့ပါသေးတယ်။
NCCT နိုင်ငံတဝန်း အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့မှာ ပါဝင်တဲ့ တိုင်းရင်းသားဆွေးနွေးရေးခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာရဲ့ အားလုံးပါဝင် ရေးထိုးနိုင်ရေးက အဟန့်အတား အကြီးမားဆုံး တခုလည်း ဖြစ်လာခဲ့ပါတယ်။
အဲဒီကာလအတွင်း ထိပ်သီးတိုင်ရင်းသား ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွတ်သဘောတွေ့ဆုံပြီးတဲ့အချိန်မှာ ကောလဟာလ တစ်ချို့ ကြားရပြီး တိုင်းရင်းသားဘက်က ခပ်တင်းတင်း ဖြစ်ကုန်ပါတယ်။
ဒေါက်တာကျော်ရင်လှိုင်နဲ့ ကျွန်တော် ချင်းမိုင်မြို့အဝင် လမ်းဘေးဆန်ပြုတ်ဆိုင်လေးမှာ KNU တွဲဖက်အတွင်းရေးမှူး ဖဒိုမန်းမန်းနဲ့ နာရီပေါင်းများစွာ ညှိနှိုင်းပြီးတဲ့အချိန်မှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အဖူးမူတူးစေးဖိုးကလည်း NCA လက်မှတ်မထိုးဖြစ်ရင် ခင်ဗျားနဲ့ မန်းမန်းက တရားခံဖြစ်မယ်လို့ ဆိုလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nyo Ohn Myint
နောက်ပိုင်းမှာတော့ လက်မှတ်ထိုးဖြစ်ခဲ့တဲ့အတွက် ဝန်ကြီးဦးအောင်မင်းနဲ့ MPC အဖွဲ့သားတွေ ဟင်းချနိုင်ခဲ့ပါတယ်။
ဖဒိုမန်းမန်းနဲ့ KNU တာဝန်ရှိသူတွေက ကျွန်တော်နဲ့ ဒေါက်တာကျော်တို့ကို ဥက္ကဋ္ဌ မူတူးပဲ တာဝန်ယူ ဆုံးဖြတ်ဖို့ ပြောပါတယ်။
ဘတ်၂၀ဝ တန် မြန်မာငွေ ၁၀,ဝ၀ဝ တန် ညစာစားပွဲကလည်း NCA အပေါ်သံသယ ကြီးနေသူတွေကို ကျေနပ်စေပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ အဖွဲ့ ၈ ဖွဲ့ NCA လက်မှတ်ထိုးဖို့ အဲဒီရက် မတိုင်ခင် ငါးရက်အလိုမှာ ဆုံးဖြတ်ကြပါတယ်။
ဦးလှမောင်ရွှေနဲ့အဖွဲ့ ရန်ကုန်ပြန်သွားပေမယ့် NCA လက်မှတ်ထိုးကြမယ့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ကျမှ ကျွန်တော် မြန်မာပြည်ကိုအတူပြန်ရမှာ ဖြစ်ပါတယ်။
စိတ်မပြောင်းအောင်ထက် သေချာအောင် နောက်ချန်နေခဲ့ရတာပါ။
နေပြည်တော်မှာ လုပ်တဲ့ အောက်တိုဘာလ ၁၅ရက်နေ့ပွဲမှာ ဖြစ်မြောက်ရေးကော်မတီ သတင်းပြန်ကြားရေး အတွင်းရေးမှူး ဖြစ်ခဲ့တုန်းကလည်း ပြန်ကြားရေးဒုဝန်ကြီးတို့နဲ့ အစည်းအဝေးလုပ်ရပြီး တရုပ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန် မေတ္တာရပ်ခံချက်ကိုလည်း မမေ့ မလျော့ လုပ်ရဖို့ တာဝန်ကလည်း ရှိနေခဲ့ပါတယ်။
ကန့်လန့်ကာနောက်ကွယ်မှာ အောက်ခြေသိမ်း၊ ရှေ့ပြေးညှိနှိုင်းသူ၊ ဘာသာပြန်၊ ကျပန်း အလုပ်စုံလုပ်ရင်း NCA လက်မှတ်ရေးထိုးပွဲကြီး ပြီးသွားတော့မှပဲ ရင်ထဲမှာ ပေါ့သလို ရှိသွားပါတော့တယ်။











