အစိုးရ၊ တပ်ဘက် ထိပ်သီးခေါင်းဆောင်တွေပါမယ့်တွေ့ဆုံပွဲ အပစ်ရပ် ထိပ်ပိုင်းခေါင်းဆောင်အားလုံးတက်ဖို့ သဘောတူညီမှုရ

ကေအဲန်ယူဘက်က အစောပိုင်းမှာ ဆွေးနွေးပွဲကို ရက်ရွှေ့ပေးဖို့ စာထုတ်တောင်းဆိုခဲ့ပေမယ့် နောက်ဆုံး တက်မယ်လို့ သဘောတူခဲ့

ဓာတ်ပုံ ရင်းမြစ်, KNU HEADQUARTER

ဓာတ်ပုံ ပုံစာ, ကေအဲန်ယူဘက်က အစောပိုင်းမှာ ဆွေးနွေးပွဲကို ရက်ရွှေ့ပေးဖို့ စာထုတ်တောင်းဆိုခဲ့ပေမယ့် နောက်ဆုံး တက်မယ်လို့ သဘောတူခဲ့

လာမယ့်အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပသွားမယ့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်မယ့် ထိပ်သီးတွေ့ဆုံပွဲကို အပစ်ရပ် လက်နက်ကိုင် ၁ဝ ဖွဲ့က ထိပ်သီးခေါင်းဆောင်အားလုံး တက်ရောက်ဖို့ သဘောတူညီမှု ရပြီလို့ အောက်တိုဘာ ၁၁ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြု လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့အစည်းဝေးမှာ အဖွဲ့အားလုံး သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

' ' ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကိုယ်တိုင်တက်မယ်၊ ဒုအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်မယ်။ တခြားအဖွဲ့အစည်းတွေကလည်း ထိပ်ပိုင်း ခေါင်းဆောင်တွေတက်ဖို့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌကြီးဆို လက်ကျန်းမာရေး အခြေအနေမကောင်းဘူး ဒါမျိုးက ခြွင်းချက် ရှိပါတယ်။ အဖွဲ့အစည်းအားလုံးက ထိပ်ပိုင်းခေါင်းဆောင်တွေတက်မယ်လို့ ယေဘုယျပြောလို့ရပါတယ်'' လို့ ဆွေးနွေးပွဲကို တက်ရောက်မယ့် စာရင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF )အဖွဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲက သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။

ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ထိပ်သီးခေါင်းဆောင်အားလုံးပါဝင်မယ့် ဆွေးနွေးပွဲဖြစ်တာကြောင့် အဆိုပါဆွေးနွေး ပွဲမှာ အဓိက တစ်ဆို့နေတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ တခုတည်းသောတပ်မတော် ၊ အဖွဲ့တွေ ဆွေးနွေးရာမှာ မပြီးပြတ်သေးတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်ပေးဖို့၊ ပြည်ထောင်စုကနေ ခွဲမထွက်ရေး ဆိုတဲ့မူအပါအဝင် အဓိကအချက် ၅ ချက်ကို အခြေခံပြီး ဆွေးနွေးသွားဖို့ရှိတယ်လို့ ABSDF အဖွဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။

အစောပိုင်းမှာ ကေအန်ယူနဲ့ အာစီအက်စ်အက်စ် အဖွဲ့က ထိပ်သီးတွေ့ဆုံပွဲကို ရက်ရွှေ့ဆိုင်းဖို့ ပြောဆိုထား ပေမယ့် PPST ရဲ့အစည်းအဝေးအပြီးမှာတော့ အောက်တိုဘာ ၁၅ရက် လုပ်မှာကို သဘောတူခဲ့ပြီး ပုပ္ပားမြို့မှာ ကျင်းပမယ်ဆိုတဲ့ အစား နေပြည်တော်မှာ ပြုလုပ်ဖို့ အဖွဲ့အားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြ တယ်လို့ သိရပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင် အားလုံး ပါဝင်မယ့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတရပ်ကို အောက်တိုဘာ ၁၅ ရက် ပုပ္ပားမြို့မှာ ပြုလုပ်သွားမယ်လို့ အစိုးရဘက်က အစောပိုင်းက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

အောက်တိုဘာ ၁၅ရက်ဟာ NCAသဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့တဲ့ ၃နှစ်ပြည့်ဖြစ်ပါတယ်။ NCA သုံးနှစ်ပြည့်အခမ်းအနားအပြီးမှာ အဆုံးအဖြတ်ပေးနိုင်စွမ်းရှိသူ တွေဖြစ်တဲ့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်အားလုံး အတူတကွတွေ့ဆုံဆွေးနွေးနိုင်ဖို့ အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေက တောင်းဆိုခဲ့တာ ဖြစ်ပါ တယ်။

ဗီဒီယို ပုံစာ, ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်