မြန်မာ့အချုပ်အခြာ ကုလ စွက်ခွင့်မရှိ ကာချုပ် မင်းအောင်လှိုင်ဆို

burma

ဓာတ်ပုံ ရင်းမြစ်, www.cincds.gov.mm

ဓာတ်ပုံ ပုံစာ, ကာချုပ်ဘက်က ပထမဆုံးတုံ့ပြန်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကုလ သမဂ္ဂ အပါအဝင် ဘယ်နိုင်ငံ ဘယ် အဖွဲ့ အစည်းကမှ ဝင်ရောက် စွက်ဖက် ဆုံးဖြတ် ပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက် က လားရှိုး တပ်နယ် အရာရှိ စစ်သည်နဲ့ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်တာပါ။

ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြောကြားမှုတွေဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့တဖွဲ့ ကြား အထင် အမြင်လွဲမှားမှုကိုဖြစ်စေနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့တာကို ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဘူးသီးတောင် မောင်တော ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဖြစ်နိုင်တာကို တောင်းဆိုလို့ မရဘဲ ၁၉၈၂ နိုင်ငံသား ဥပဒေအရသာ ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ် လို့လည်း သိရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထွက်ပြေးရမှု တပ်မတော် ခေါင်းဆောင်တွေကို စွပ်စွဲထား

တပ်မတော်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ၊ ကချင်နဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရဲ့ အဖွဲ့ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ကာကွယ်ရေးဦးစီးချုပ်ဆီက ကုလသမဂ္ဂနဲ့ ပတ်သက်ပြီး အခု ပထမဆုံးပြောဆိုလာတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေကို ဥပဒေနဲ့ စိစစ်လက်ခံသွားမယ်လို့လည်း ဦးစီးချုပ်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေကို နိုင်ငံရေးထဲကနေ ဖယ်ရှားဖို့နဲ့ လူမျိုးတုံး သတ်ဖြတ်မှု၊ လူအမြောက်အမြား အပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ ရာဇဝတ်မှုတို့နဲ့ ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်ဖို့ ကုလသမဂ္ဂက တောင်းဆိုနေပါတယ်။

ဗီဒီယို ပုံစာ, ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်