ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောဆိုချက်ကို ကန့်ကွက်တယ်- ဒေါက်တာ နန္ဒာလှမြင့်

ဓာတ်ပုံ ရင်းမြစ်, Hein Htet
မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းက ရက်ပိုင်းအတွင်း ထိုးတက်သွားတာဟာ သွေးရိုးသားရိုး ဟုတ်မဟုတ် အစိုးရအနေနဲ့ သတိထား ဆောင်ရွက်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စက်တင်ဘာ ၂၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်အတွင်း ရခိုင်အရေးနဲ့ ပတ်သက်လို့ ပြောဆိုမှုဟာ ပြည်တွင်းရေးကို စွက်ဖက်ရာ ရောက်တယ်လို့လည်း ဆိုပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာ လှမြင့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထား ပါတယ်။
မေး- ရခိုင်အရေးနဲ့ ပတ်သက်ပြီး လောလောဆယ် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လာရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ-ဗြိတိန်နိုင်ငံရော ကျနော်တို့နိုင်ငံရော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ ကုလသမဂ္ဂရဲ့ ပဋိညာဉ်မှာကိုက တနိုင်ငံရဲ့ ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက် မစွက်ဖက်ရဘူး။ နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ တန်းတူ ညီမျှ ဆက်ဆံ ရမယ်ဆိုတာ ရှိပြီးသား၊ ဆိုတော့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးလာတဲ့ ခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီး ပြောဆိုသွားတာသည် ရာဇဝတ်မှု ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတဲ့ ခေါင်းဆောင်တွေကို၊ အစိုးရ တပ်မတော် ခေါင်းဆောင်တွေကို အိုင်စီစီကို တင်ဖို့ ကြိုးစားရမယ်၊ မရရင် ရတဲ့နည်းနဲ့ ဆောင်ရွက်သွားမယ်ဆိုတာက ကျနော်တို့ ပြည်တွင်းရေးကို ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံတဲ့ နိုင်ငံတနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးက ဗြောင်ကျကျ ဝင်ရောက် စွက်ဖက်တဲ့ ပုံစံမျိုးဖြစ်နေတယ်။
ဒါကိုတော့ ကျနော်တို့ ပါတီအနေနဲ့က လက်ခံလို့ မရဘူး။ လက်လည်း မခံဘူး။ ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကို ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပြည်တွင်း အင်အားစု အားတွေနဲ့ပဲ ဒေသခံ တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ပြီးတော့မှ မှန်မှန်ကန်ကန် ဥပဒေနဲ့ အညီဆောင်ရွက်သွားဖို့ပဲ ရှိတယ်။ နိုင်ငံတကာက တဖတ်သက်အမြင်နဲ့ ပြောဆို ပြီးတော့ ဆောင်ရွက်ခိုင်းတဲ့ အတိုင်း ကျနော်တို့ လိုက်လုပ်လို့ မရဘူး။ အစိုးရ အနေနဲ့ လိုက်လုပ်ရင်လည်း ကျနော်တို့ ကန့်ကွက်သွားမှာပဲ။ ခုဒီခရီးစဉ်မှာ ဒီလို သဘောမျိုးတွေ့တဲ့အတွက် ကျနော်တို့က ဒီနိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောဆိုချက်ကို ကျနော်တို့ ကန့်ကွက်တယ်။ လက်မခံ ဘူး။

ဓာတ်ပုံ ရင်းမြစ်, NANDAR HLA MYINT FB
မေး- ခုကိစ္စက နိုင်ငံတကာကလည်း စိတ်ဝင်စားနေတဲ့ ကိစ္စ ဖြစ်တယ်။ တဘက်မှာလည်း အရေးယူဖို့ ကြိုးစားနေတာမျိုးတွေ ရှိတော့ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးတဲ့အနေနဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ ပြဿနာ ပြေလည်ရာ ပြေလည်ကြောင်း ပြောဆိုတယ်လို့ ဆိုပြီးတော့ရော ယူဆလို့ မရနိုင်ဘူးလား။
ဖြေ- တခုရှိတာက ကျနော်တို့ နိုင်ငံကတာဝန်ရှိသူတယောက်က ဗြိတိန်နိုင်ငံမှာ အဲဒီ စကားမျိုးပြောရင် ဗြိတိန်နိုင်ငံကရော လက်ခံနိုင်မလားဆိုတာမျိုးကို စဉ်းစားဖို့ လိုတယ်လေ။ ဖြစ်နေတဲ့ ပြဿနာပေါ်မှာလည်း အပြုသဘော ဝေဖန်ထောက်ပြ ဆွေးနွေးပြီးတော့ အကြံပြုတာမျိုးဆိုရင်လည်း ကျနော်တို့ လက်ခံမှာပဲ။ သို့သော် ဒီနေ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိတဲ့ ဦးဇော်ဌေးတို့ ကိုယ်တိုင် ဒီယူအန် လူ့အခွင့်အရေး ကော်မရှင်ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာ၊ နောက် အချက်အလက် ရှာဖွေရေး အစီရင်ခံစာတွေဟာ တဖက်သတ်တွေ ဖြစ်တယ်၊ တရားမျှတမှု မရှိဘူး၊ မလိုလားအပ်တဲ့ ပြည်တွင်း ဆူပူမှုတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာမျိုးကိုလည်း ပြောဆိုတာရှိတယ်။
ဒါပေမယ့် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက အချက်အလက် ရှာဖွေရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ တိကျတယ်၊ မှန်ကန်တယ်၊ အားကောင်း တယ်၊ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားဖို့ လိုတယ် ဆိုတာမျိုး ဝင်ရောက်ပြီး ပြောတယ်။ ဆိုတော့ ဒါ တဖတ်သက် သုံးသပ်ချက် အမြင်နဲ့ ရေးထားတဲ့ အစီရင်ခံစာပေါ်မှာ အခြေပြုပြီးတော့မှ ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ပြီးဖိအားပေးတဲ့ သဘောမျိုး ကျနော်တို့ လက်ခံလို့မရဘူး။ နှစ်ဘက် နားထောင်ဖို့လိုတယ်။ တကယ့် ပြည်တွင်းမှာ အမှန်တကယ် ဖြစ်နေတဲ့ အခြေအနေအတိုင်း မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီးတော့ မိတ်ဖက်နိုင်ငံတွေ အနေနဲ့ ကူညီပေးဖို့ပဲလိုတယ်။
မေး- ဒီတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောကြားချက်ကို တရားဝင် ကန့်ကွက်ဖို့ ရှိလား။
ဖြေ- ပါတီရဲ့ လက်ရှိမူဝါဒကတော့ အဲဒီပြောဆိုချက်ကို လက်မခံဘူးပေါ့လေ။ တရားဝင် ကန့်ကွက်ဖြစ် မကန့်ကွက်ဖြစ်ကတော့ ကျနော်တို့ အကြီးအကဲများ ဆုံးဖြတ်ပါလိမ့်မယ်။
မေး- ဒေါ်လာဈေးတက်နေတာနဲ့ ပတ်သက်လို့ ဒေါက်တာနန္ဒာလှမြင့်တို့ အနေနဲ့ ဘယ်လို ယူဆပါသလဲ။
ဖြေ-တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး စစ်ပွဲအပေါ်မှာ ရိုက်ခတ်မှုတွေ နိုင်ငံတကာမှာလည်း ရှိတာပေါ့လေ။ သို့သော်လည်း ကျနော်တို့ နိုင်ငံက ကိုယ်ခံအား နည်းတဲ့အခါကြတော့ ပိုမိုပြီးတော့ ရိုက်ခတ်မှုတွေ ရှိတာပေါ့။ ရှိတဲ့အခါကျတော့ ဒါကို ဘယ်လို ကျနော်တို့ အစိုးရအနေနဲ့ ကုစားပြီးတော့ အမြန်ဆုံးဆောင်ရွက်မလဲ။ ဒီနေ့ဆိုလဲ ဒေါ်လာဈေးက ၁၆၅၀ လောက် ဖြစ်နေပြီဆိုတော့ ရက်ပိုင်းအတွင်းမှာကို ဒေါ်လာဈေးက အရမ်း တက်သွားတာပေါ့။ ဆိုတော့ ဒါသည် သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။ ဒါမှမဟုတ်ရင် ဒေါ်လာဈေးတက်အောင်ပဲ ကစားတဲ့ အဖွဲ့အစည်း၊ ပြည်တွင်း ပြည်ပပေါ့လေ၊ ဒီလို ဟာမျိုးတွေ ရှိလား၊ ဒီဟာတွေအပေါ်မှာလည်း အစိုးရအနေနဲ့ သတိထားပြီးမှ ဆောင်ရွက်သွားဖို့ပေါ့။ အစိုးရကို ဒီဟာကို အကြောင်းပြပြီး ဖိအားပေးတာမျိုး နိုင်ငံရေး အသုံးချတာမျိုးလည်း စိတ်ပူဖို့ ကောင်းတယ်၊ ဒါမျိုးတွေလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကျနော်တို့က အစိုးရကို သတိပေး အကြံပြုတဲ့ သဘောတွေလည်း ပါပါတယ်။
မေး- အစိုးရကို ဖိအားပေးတာနောက် နိုင်ငံရေး အသုံးချနေတဲ့ သဘောမျိုး လုပ်ဆောင်မှုတွေလည်း ရှိနိုင်တယ်ဆိုတော့ ဘယ်လိုမျိုး အဖွဲ့အစည်းတွေက ဒီလို လုပ်မယ်လို့ ခန့်မှန်းလို့ ရမလဲခင်ဗျ။
ဖြေ- ဘယ်လို အဖွဲ့အစည်းမျိုးက လုပ်နိုင်သလဲဆိုတာကတော့ ကျနော်တို့လည်း ပြောလို့ မသင့်ဘူး။ ကိုယ်လည်း မသိဘူးတော့လေ။ ဖြစ်နိုင်တာကိုပဲ သုံးသပ်ပြ ရတာပေါ့။ ပြည်သူလူထုအနေနဲ့ ပိုပြီး စိုးရိမ်စရာကောင်းတယ်၊ စီးပွားရေး ဒီထက်ပိုပြီး ကြပ်တည်းလာရင် ကုန်ဈေးနှုန်း ဒီထက် ကြီးမြင့်လာရင် မကောင်းဘူးပေါ့နော်။ ပိုပြီးတော့ တိုင်းပြည်မတည်ငြိမ်မှု တရားဥပဒေ စိုးမိုးမှုတွေက စိတ်ပူစရာကောင်းလာလိုက်မယ်။ ဒါကြောင့် ဒီဟာကို အမြန်ဆုံး ဘယ်လို ဖြေရှင်းမလဲဆိုတာ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ဆွေးနွေးပြီးတော့မှ မူဝါဒ ချမှတ်ပြီးတော့မှ အမြန်ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။
မေး- စောစောက ဒေါက်တာနန္ဒာလှမြင့်ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ နိုင်ငံရေး အရအသုံးချပြီးတော့ အမြတ် ထုတ်သွားဖို့ ရှိနိုင်တယ်ဆိုတော့ ခုလောလောဆယ်မှာ ပြည်ခိုင်ဖြိုးက အတိုက်အခံ ပါတီ ဖြစ်နေတယ်ဆိုတော့လေ ဒေါက်တာ နန္ဒာလှမြင့်တို့ ပါတီအနေနဲ့ ဒီအခြေအနေကနေပြီးတော့ အကျိုးအမြတ် မရှိနိုင်ဘူးလား ခင်ဗျ။
ဖြေ- ကျနော်တို့က တိုင်းပြည်ကောင်းဖို့ အရေးကြီးတာ၊ နိုင်ငံရေး အကျိုးအမြတ်ရဖို့ အရေးကြီးတာ မဟုတ်ဘူး။ ကျနော်တို့က ကိုယ့်နိုင်ငံနဲ့ နိုင်ငံသား အားလုံး တိုင်းရင်းသား အားလုံးရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ် ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်သွားမယ် ဆိုတဲ့ မူဝါဒနဲ့ ကျနော်တို့က သွားတာ။ လက်ရှိကျနော်တို့က အစိုးရမဟုတ်ဘူး။ လက်ရှိအစိုးရ တာဝန် ယူနေတဲ့ ပုဂ္ဂိုလ်တွေကို ဒီအမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့မှ ထိခိုက်လာနိုင်တယ်၊ အန္တရာယ်ရှိတယ် ဆိုရင်တော့ ကျနော်တို့က အပြုသဘော ဝေဖန် ထောက်ပြပြီးတော့ ပြောဆို ဆွေးနွေး အကြံပြုသွားမှာ။ အမျိုးသား အကျိုး စီးပွားအတွက် ကောင်းရာမွန်ရာ လုပ်တယ်ဆိုရင်လည်း ကျနော်တို့က ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်သွားမှာ။ ခုနကလို မိမိအာဏာရရေး အတွက်ကို ကျနော်တို့က နိုင်ငံရေး အကျိုးအမြတ် ထုတ်စရာအကြောင်း မရှိဘူး။ ဘာလိုလဲဆိုတော့ ပြည်သူလူထုက ရွေးချယ် တာဝန်ပေးအပ်တဲ့ မည်သည့်အစိုးရမဆို တိုင်းပြည်အတွက် အကောင်းဆုံး လုပ်သွားရမယ်။ ကျနော်တို့ အတိုက်အခံဖြစ်တဲ့ အချိန်မှာ ကျနော်တို့က တိုင်းပြည်နာအောင်၊ ပြည်သူလူထု အခက်အခဲ ဖြစ်အောင် ကျနော်တို့က လမ်းပေါ်ထွက်ပြီး အတိုက် အခံလုပ်တဲ့ အတိုက်အခံမျိုး မဟုတ်ဘူး။ အပြုသဘော ဝေဖန်ထောက်ပြပြီး ထိန်းကျောင်းသွားမယ့် အတိုက်အခံ ဖြစ်တယ်။ ဒီကြားထဲမှာ အစိုးရပြုတ်ကျရေးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်ပြီး လုပ်သွားမယ့် အတိုက်အခံမျိုးမဟုတ်ဘူး။ ကျနော်တို့က Smart Politic ကိုသွားမယ့် အတိုက်အခံမျိုးပဲ ဖြစ်တယ်။








