ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာအရေးအတွက် မြန်မာအာဏာပိုင်တွေကို အိုင်စီစီပို့ဖို့ တိုက်တွန်း
မြန်မာ အာဏာပိုင်တွေကို အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်ဖို့ အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။ တိုက်တွန်းသူတွေက လက်ရှိလွှတ်တော်အမတ် စုစုပေါင်း ၁၃၂ ယောက်ဖြစ်ပါတယ်။
သူတို့ဟာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ အရှေ့တီမော နိုင်ငံက လွှတ်တော်အမတ်တွေဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ဝင် ၂၂ ယောက်လည်း ပါဝင်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး မလေးရှားလွှတ်တော်ရဲ့ လက်ရှိအမတ်လည်း ဖြစ်တဲ့ ချားလ်စ် စန်တီယာဂိုကို ဘီဘီစီက မေးမြန်းထားပါတယ်။
ဘီဘီစီ ။ ။ ဘာ့ကြောင့် အိုင်စီစီက ဒီကိစ္စကို ပါဝင်ဆောင်ရွက်ဖို့ ခင်ဗျားတို့က လိုလားကြတာပါလဲ။
ချားလ်စ် စန်တီယာဂို။ ။ နိုင်ငံတကာ အဖွဲ့အစည်းအများအပြားက ပါးစပ်ကပဲ ပြောနေတာပါ။ တကယ်တန်း ရိုဟင်ဂျာတွေ ခံစားနေရတဲ့ မုဒိမ်းကျင့်ခံရတာတွေ အသတ်ဖြတ်ခံရတာတွေ အတွက် တရားမျှ တမှု ရအောင် ဆောင်ကြဉ်းဖို့အထိ စိတ်ပါလက်ပါ ဆောင်ရွက်တာမျိုး မရှိကြပါဘူး။ ဒါမျိုးဆောင်ရွက်ဖို့အတွက် အသင့်တော်ဆုံးနေရာဟာ အိုင်စီစီပါပဲ။
ဘီဘီစီ ။ ။ အခုခင်ဗျားတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းနေတာတွေ့ရပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ခင်ဗျားတို့သိတဲ့အတိုင်းပဲ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာကိုင်ထားတယ်။ ဒီတော့ တကယ်တမ်း အောင်မြင်လာနိုင်ပါ့မလား။
ချားလ်စ် စန်တီယာဂို။ ။ ခင်ဗျားပြောတာမှန်ပါတယ်။ ဒါ့ကြောင့် အိုင်စီစီကိုယ်တိုင်က တိုက်ရိုက်ဆောင်ရွက်ဖို့ ကျနော်တို့တိုက်တွန်းနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တဆင့်သွားမယ်ဆိုရင် တရုတ်ရှိတယ်။ ရုရှားရှိတယ်။ သူတို့ဟာ စီးပွားရေးအရ ၊ နိုင်ငံရေး အရ မြန်မာအစိုးရနဲ့ အခိုင်အမာ ဆက်စပ်နေပါတယ်။ ဒီတော့ သူတို့က စုံစမ်းစစ်ဆေးရေး ဖြစ်လာစေချင်မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ကမ္ဘာ့ပြည်သူတွေက ဖိအားပေးကြဖို့လိုပါတယ်။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဖိအားပေးကြဖို့ တိုက်တွန်းပါတယ်။
ရခိုင်ပြည်နယ်မှာ လူအများအပြားဟာ အစိုးရစစ်တပ်က သတ်ဖြတ်တာကို ခံထားရတယ်။ အဲဒါကို စုံစမ်းစစ်ဆေးဖို့ လိုကိုလိုပါတယ်။
ဘီဘီစီ ။ ။ ဒါပေမယ့် တရုတ်နဲ့ ရုရှားက ပယ်ချလိုက်ရင် ပျက်သွားမှာပဲ မဟုတ်လား။
ချားလ်စ် စန်တီယာဂို။ ။ မဟုတ်ပါဘူး။ အိုင်စီစီကိုယ်တိုင်က စုံစမ်းစစ်ဆေးရေးလုပ်ဖို့ သူ့ဖာသာတောင်းဆို ဆောင်ရွက်လို့ ရနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်သူ့ကိုမှ အားကိုးနေစရာ မလိုပါဘူး။ ရုရှားနဲ့ တရုတ်က မလုပ်နဲ့လို့ တားနိုင်ပါတယ်။ သူတို့တားပေမယ့် အိုင်စီစီက လုပ်နိုင်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီခွင့်ပြုချက်မပါဘဲ သူ့ဖာသာ လုပ်နိုင်ပါတယ်။
ဘီဘီစီ ။ ။ တကယ်ဆိုရင် အာဆီယံဟာလည်း အင်အားကြီး အဖွဲ့အစည်းကြီး တခုပဲ မဟုတ်လား။ အာဆီယံကနေ တဆင့်လုပ်ဖို့ရော ခင်ဗျားတို့ ဘာလို့ မကြိုးစားလဲ။
ချားလ်စ် စန်တီယာဂို။ ။ အာဆီယံအစိုးရတွေက သူများအရေး ဝင်မစွက်ဖက်ရေးဆိုတဲ့ မူရှိနေပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်းမှာ အဲဒီ မစွက်ဖက်ရေးမူကို ချိုးဖောက်ခဲ့တာမျိုး ရှိခဲ့ပေမယ့် မူအရတော့ ဆက်ပြီးဆုပ်ကိုင်ထားဆဲပါ။
ဒါပေမယ့် အာဆီယံက သဘောမပေါက်သေးတာရှိပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ် နေတာဟာ အာဆီယံပြဿနာ ဖြစ်လာတော့မှာပါ။ တခြားနိုင်ငံတွေကိုပါ ကူးစက်လာတော့မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှာလည်း ရှိနေပါတယ်။
အခုအ ခြေအနေက လူမှု ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ အလားအလာမျိုးပါ။ အဖိနှိပ်ခံရတဲ့သူတွေက ဒေါသထွက်လာကြမယ်။ ပြောက်ကျား နည်းနဲ့ လက်နက်ကိုင် ပုန်ကန်တာတွေ လုပ်လာမယ်ဆိုရင် တခြားနိုင်ငံတွေက ရိုဟင်ဂျာတွေနဲ့ ဆက်သွယ်ချိတ်ဆက်လာတာတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အာဆီယံကလည်း တခုခုဆောင်ရွက်ဖို့ အချိန်တန်နေပါပြီ။
ဘီဘီစီ ။ ။ အခုဆိုရင် မြန်မာအစိုးရက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်တခုဖွဲ့လိုက်တယ် မဟုတ်လား။ အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လွတ်လပ်တဲ့ ကော်မရှင်လို့ သူတို့က ဆိုပါတယ်။ ဒါကိုခင်ဗျားတို့ လက်မခံနိုင်ဘူးလား။
ချားလ်စ် စန်တီယာဂို။ ။ ဒီ့အရင် ကိုဖီအာနန် ကော်မရှင်ဆိုတာလည်း ဖွဲ့ခဲ့ပါသေးတယ်။ အဲဒါကို ပြန်ကြည့်ပါ။ ကိုဖီအာနန်က အရေးပါတဲ့ အချက်တွေကို အဆိုပြုခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက အကောင်အထည် ဖော် လိုက်နာတာမျိုး မရှိခဲ့ပါဘူး။
အခုဟာက ကိုဖီအာနန် က အစိုးရနဲ့ စစ်တပ်ကို ဝေဖန်တာတွေ ပါနေတယ်။ ပြင်းထန်လွန်းနေတယ်။ အဲဒါကြောင့် ကိုဖီအာနန်ကော်မရှင်ကို တုန့်ပြန်ဖို့ နောက်ထပ် ကော်မရှင် ထပ်ဖွဲ့မယ်ဆိုတာမျိုးဖြစ်နေပါတယ်။
သူတို့ အချိန်ဆွဲနေတာပါ။ အချိန်ကို ဝယ်ယူနေတာပါ။