မန္တလေးက ဘိန်းခန်းတွေကို ဝင်ဖမ်းတာ ၈ ဦး ဖမ်းမိ

မန္ယတလေးက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု နာမည်ကျော်တဲ့နေရာတွေကို ရဲတွေ စီးနင်း

ဓာတ်ပုံ ရင်းမြစ်, Ko Naing Lin Tun

ဓာတ်ပုံ ပုံစာ, မန္ယတလေးက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု နာမည်ကျော်တဲ့နေရာတွေကို ရဲတွေ စီးနင်း

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ကမ်းနားလမ်းက အငှားအိမ်ရာ တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲ ကြတဲ့ ဘိန်းခန်း တွေကို သြဂုတ်လ ၂၀ ရက် တနင်္လာနေ့ နေ့လယ်မှာ ရဲတွေက ဝင်ရောက် ဖမ်းဆီး ခဲ့ကြ ပါတယ်။

ခန့်မှန်းချေ ရဲအင်အား ၅၀ ကျော်နဲ့ ဝင်ရောက် ဖမ်းဆီးခဲ့ရာမှာ မူးယစ်ဆေးသုံးသူ ၈ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ဖမ်းဆီးချိန်က အဲဒီမှာ ကိုယ်တိုင် ရောက်နေတဲ့ ဒေသခံ ကိုနိုင်လင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

နေ့လယ် ၁ နာရီလောက်က အောင်မြေသာစံ မြို့နယ် ဧရာဝတီမြစ်ကမ်း ပေါ်က ကမ်းနားလမ်း တလျှောက်မှာ ရှိတဲ့ အငှား အိမ်ရာတွေ၊ မသင်္ကာတဲ့ အိမ်ရာတွေနဲ့ ဧရာဝတီ မြစ်လယ်မှာ ဘိန်းခန်းဖွင့်ထားတဲ့ နေရာတွေကို ရဲတွေက ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ သူက ပြောပြပါတယ်။

အဲဒီ ဖမ်းဆီးမှု မတိုင်ခင်မှာ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းက ဘိန်းခန်းမှာ လူငယ်တွေ ဆေးထိုးအပ်တွေနဲ့ မူးယစ်ဆေးဝါး သုံးနေကြပုံတွေ၊ အမျိုးသမီး တစ်ယောက်က စားပွဲပေါ်မှာ ဆေးထိုးအပ်တွေ စီပြီး တင်ထားတဲ့ ပုံတွေ ပါတဲ့ ဗီဒီယို အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေခဲ့ပါတယ်။

လာဖမ်းတဲ့ ရဲဝန်ထမ်းတွေ ကတော့ သူတို့ အနေနဲ့ စီမံချက်အရ လာရောက် ဖမ်းဆီးတာသာ ဖြစ်ပြီး အဲဒီ ဗီဒီယိုကြောင့် လာဖမ်းတာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

အဲဒီဗီဒီယိုမှာ ပါတဲ့ ဘိန်းခန်းနေရာကို ဝင်ဖမ်းရာမှာတော့ တစ်ယောက်မှ မရှိကြတော့ဘူးလို့လည်း သူက ပြောပါတယ်။

လူမှုကွန်ရက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲကြသူတွေ ပုံပါတဲ့ ဗီဒီယို ပြန့်နှံ့သွားပြီးနောက် အဲဒီနေရာကို ရဲတွေရောက်လာပြီး ဖမ်းဆီးနိုင်တယ် ဆိုတာ ရောင်းဝယ်သူတွေကို သတိ ပေးလိုက်သလို ဖြစ်သွားလို့ ထွက်ပြေး သွားခဲ့ကြတာ ဖြစ်နိုင်တယ်၊ အခုလို လူသိရှင်ကြား ဖြစ် မသွားပြန်ရင်လည်း ရဲတွေကလည်း လာဖမ်းမှာ မဟုတ်ဘူးလို့ လူအများက ယူဆ နေကြ ပါတယ်။

အောင်မြေသာစံမှာ အနောက် တာရိုး တကြောက မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အတော် နာမည်ကြီးနေတာ ဖြစ်ပြီး ညပိုင်းတွေမှာ ဆိုရင် ဘယ်လောက် လိုချင်သလဲလို့ လာမေးပြီး ရောင်းချနေသူတွေလည်း ရှိတယ်လို့ သိရကြောင်း ကိုနိုင်လင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် သူက ချမ်းမြသာစည်ထဲက တချို့ ရပ်ကွက်တွေမှာ အလားတူ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ်မှုတွေ ရှိတယ် ဆိုတာကို ရပ်ကွက်ထဲမှာ နေသူတွေက သိကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရပ်ကွက်ထဲမှာ အတော်များများက သူတို့ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ရှိတာ သိပေမဲ့ သူတို့ကို အန္တရာယ်ပြုမှာ ကြောက်ကြလို့ သက်ဆိုင်ရာကို တိုင်ကြား တာမျိုး မရှိဘူးလို့ လည်း ကိုနိုင်လင်းထွန်းက ပြောပါတယ်။

မူးယစ်ဆေးဝါး အလွယ်တကူ ဝယ်လို့ ရနေတဲ့ အတွက် လူငယ် အတော်များများက သုံးစွဲကြပြီး မန္တလေးမှာ လုယက်မှုတွေ ရှိတာကို ကြားရတယ်လို့ သူက ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုသာ ဖမ်းဆီး အရေးယူတာထက် စာရင် အကြီးအကျယ် ရောင်းဝယ်ဖောက်ကား နေကြသူတွေကို ဖမ်းဆီး အရေးယူတာ၊ မူးယစ်ဆေးတွေ ဝင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ အရေးယူတာ စတဲ့ တင်းကျပ်တဲ့ ကိုင်တွယ် ဆောင်ရွက်မှုမျိုး လုပ်ဖို့ လိုအပ်တယ်လို့ လည်း မြို့ခံ ကိုနိုင်လင်းထွန်းက ပြောပါတယ်။