ဒါရိုက်တာ မိုက်တီး မူးယစ်မှုနဲ့ အမှုဖွင့်ခံရ

ဓာတ်ပုံ ရင်းမြစ်, Yangon Police
သြဂုတ်လ ၁၆ရက်နေ့ညက ဒါရိုက်တာမိုက်တီး (ခေါ်) ဦးသန်းထွန်းဇော်ကို တာမွေမြို့နယ်ရဲစခန်းမှာ မူးယစ်ဆေးဝါး အမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ည ၁၁ နာရီလောက်က ဦးသန်းထွန်းဇော် အမည်နဲ့ မူးယစ်အဖွဲ့က ဆေးပြား မိတယ်ဆိုပြီး အမှုလာဖွင့်သွားတာလို့ တာမွေမြို့နယ် ရဲစခန်းက တာဝန်ကျသူတဦးက ဘီဘီစီကို ပြောပါတယ်။
ဦးသန်းထွန်းဇော်(ခ) ဒါရိုက်တာ မိုက်တီး မောင်းလာတဲ့ကားကို ရပ်တန့်စစ်ဆေးတုန်းမှာ ဖင်ထိုင်ခုံနဲ့ ကျောမှီကြားမှ မီးခိုရောင်မျက်မှန်ဘူးထဲ ထည့်ထားတဲ့ WY ဆေးပြား (၂၆)ပြားကို ရှာဖွေတွေ့ရှိခဲ့လို့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
အခု ဦးသန်းထွန်းဇော်ကို တာမွေရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အခု သြဂုတ်လထဲမှာ အနုပညာလောက ထဲက နာမည်ကျော်ကြားသူတွေ ဖြစ်ကြတဲ့ အဆိုတော် ရသ (ခ) ရဲမင်းသိန်းနဲ့ အဆိုတော် ရွှေထိုက် (ခ) မဝေလွင်ဇော်တို့လည်း စိတ်ကြွမူးယစ်ဆေးဝါးများနဲ့ အတူဖမ်းဆီးခံခဲ့ရဖူးပါတယ်။





