ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ ရေကြီးမှု သေဆုံးသူ တိုးလာ
အိန္ဒိယနိုင်ငံမှာ မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးရေလျှံ ခဲ့တာကြောင့် ရေဘေးဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ ပြည်နယ်တွေမှာ ကူညီကယ်ဆယ်မှုတွေ အရေးပေါ် လုပ်ဆောင်နေရပါတယ်။
မုတ်သုန်မိုး စခဲ့တဲ့ ဇွန်လကစလို့ ပြည်နယ်တချို့မှာ ကြုံနေခဲ့ရတဲ့ ရေကြီးမှုကြောင့် သေဆုံးသူဟာလည်း အယောက် ၃၅၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း၂ ပတ်ကြာ မိုးအဆက်မပြတ်ရွာခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ အချိန်မှီ ပေးပို့နိုင်ဖို့ ဟာ လည်း အခက်တွေ့ခဲ့ရပါတယ်။
ရေကြီးမှုဒဏ် အကြီးအကျယ် ကြုံခဲ့ရတဲ့ ခရယ်လား ပြည်နယ်မှာတော့ ကယ်ဆယ်ရေးစခန်း ၅ ထောင်ကျော်မှာ လူ ၇ သိန်းကျော်က ရေဘေး ခိုလှုံနေရပါတယ်။
ယာယီကယ်ဆယ်ရေး စခန်းတွေမှာတော့ ရေက တဆင့် ကူးစက်ရောဂါ ခံစားရသူတွေ ရှိပြီး ရေကျောက်ပေါက်နေတဲ့ ၃ ယောက်ကိုတော့ သီးသန့် ရွှေ့ပြောင်း ထားရပါတယ်။
တခါ ချန်ဂနာမြို့မှာလည်း လူ ၅ ထောင် လောက်ဟာ ရေဘေးကြောင့် အရေးပေါ် ကူညီကယ်ဆယ်မှုတွေ လိုအပ်နေပါတယ်။
ဒေသတဝိုက်မှာလည်း ရေတွေကြီးနေလို့ သွားလာရေးခက်ခဲနေပြီး ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပို့ဖို့၊ လူတွေ ကယ်ထုတ်ဖို့ကို ရဟတ်ယာဉ်တွေ နဲ့ လုပ်ဖို့ လိုတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
ကယ်ဆယ်ရေးစခန်းတွေမှာလည်း အစားအစာ နဲ့ သောက်ရေ ပြတ်တောက်နေတယ်လို့ နေအိမ်တွေကို စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်း ရောက်နေကြတဲ့ ရေဘေးဒုက္ခသည် တွေက ပြောပါတယ်။
'ကျွန်တော်တို့အတွက် ထိန့်လန့်စရာ အချိန်ပါပဲ' လို့ အသက် ၂၀ အရွယ် ရေဘေးဒုက္ခသည် အင်ဒါဂျီးကူးမားက ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ ရေဘေးဒဏ်သင့် ပြည်နယ်တွေအတွက် ကူညီကယ်ဆယ်မှုတွေကို အမေရိကန် ဒေါ်လာ ၅၅ သန်း ကုန်ကျခံ သုံးစွဲမယ်လို့ ပြောပါတယ်။