အလှုပ်အရမ်းနဲ့အတူ ထိုးကျနေတဲ့ ကျပ်ငွေစျေး ပြန်ငြိမ်ပါ့မလား

သြဂုတ်လ ၁၆ ရက်နေ့ က နိုင်ငံခြားငွေ နဲ့ မြန်မာကျပ်ငွေ လဲလှယ်ရောင်းချပေးတဲ့ Money Changer တွေမှာ အရောင်းအဝယ်လာလုပ်တဲ့ လူတွေနဲ့ စည်ကားနေသလို မနက် စောစောပိုင်း ဒေါ်လာရောင်းတဲ့ စျေးနှုန်း က တဒေါ်လာ ကို ကျပ်ငွေ ၁၅၂၀ လောက်နဲ့ စခဲ့ကြပါတယ်။

ဒေါ်လာတွေ အဝယ်လိုက်ပြီး များလာတာနဲ့အတူ ကျပ်ငွေစျေး က တဒေါ်လာ ကို ၁၅၇၀ ကျော် အထိတောင် ထိုးဆင်းခဲ့တာပါ။

ရန်ကုန်မြို့တွင်းက နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း တခုဖြစ်တဲ့ Triangle Money Changer က ဝန်ထမ်းတယောက် က ဒေါ်လာ ၃ သောင်း၊ ၄ သောင်း လောက် ကို လိုချင်လို့ လာဝယ်တဲ့ သူတောင်ရှိတယ်၊ သူတို့အနေနဲ့ ရောင်းစရာ ဒေါ်လာ ကုန်သွား တဲ့အထိ ဖြစ်နေလို့ မရောင်းပေးနိုင်တဲ့ အခြေအနေပါ လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်လာစျေး အရမ်းတက်လာပြီး တဲ့နောက် ပြန်ရောင်းကြတာတွေ ဖြစ်လာပြီး ညနေပိုင်းလောက်မှာ တဒေါ်လာ ကို ကျပ်ငွေ ၁၅၃၀ လောက်အထိ ပြန်ကျဆင်းသွားတယ်လို့လည်း သိရပါတယ်။

နိုင်ငံခြားငွေ လဲလှယ်ကြတဲ့နေရာမှာ ဗဟိုဘဏ် က ရည်ညွှန်းတဲ့ စျေးရဲ့ အပေါ်၊ အောက် ၀.၀၈ ရာခိုင်နှုန်း ဘောင်အတွင်း မှာ ရောင်းဝယ် ကြဖို့ သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ ရက်ပိုင်း မှာ ဗဟိုဘဏ် က ဖျက်သိမ်းပေးခဲ့ပါတယ်။

အဲဒီအချိန် က စပြီး အခုလို ကျပ်ငွေစျေးနှုန်း ကျဆင်းမှု အလှုပ်အရမ်း က များနေတာပါ။

ဒီနှစ် ဖေဖော်ဝါရီလအတွင်း က တဒေါ်လာ ကို ၁၃၃၀ ကျပ် နဲ့ ပေါက်ခဲ့တဲ့ ကျပ်ငွေစျေးနှုန်း က ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း ကတည်းက ကျဆင်းလာတာ သိသာလာပြီး အခုတော့ နေ့ချင်းညချင်း ထိုးကျလာနေတဲ့ အနေအထားပါ။

အခုလို ဗဟိုဘဏ်ကြေညာချက်အပြီး ထိုးကျလာတဲ့ ကျပ်ငွေစျေးကွက် ကို ကြည့်ပြီး စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က အခုလိုအခြေအနေ က စီးပွားရေး ပညာရှင်တွေ အတွက် ဖြစ်ရိုးဖြစ်စဉ်တခုလို သိပ်မပူပင် ပေမယ့်၊ စီးပွားရေး အသိုင်းအဝိုင်း က သူတွေ၊ အထူးသဖြင့် သွင်းကုန် သွင်းရမယ့် သူတွေ က ပူပင်နိုင်ကြတယ် လို့ မြင်ပါတယ်။

ဗဟိုဘဏ်ကြေညာချက် မတိုင်မီ ကတည်း က ဗဟိုဘဏ် သတ်မှတ်ချက်ဘောင် အတွင်း နိုင်ငံခြားငွေကို ရောင်းဝယ်နေကြတာ မဟုတ်တဲ့အတွက်၊ အခုလို ဗဟိုဘဏ် က သတ်မှတ်ချက် ထွက်လာလို့ ကျပ်ငွေစျေးတွေ ထိုးဆင်းတာ မဟုတ်ကြောင်း သူ က မြင်ပါတယ်။

အမေရိကန်မှာ ဘဏ်တိုးနှုန်းတွေ တက်လာတာရယ်၊ အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေး ဆိုင်ရာ အကောက်ခွန် တိုးတဲ့ပြဿနာတွေရယ် စတဲ့ အကြောင်းတရား တွေ က အမေရိကန် ဒေါ်လာ စျေးတက်လာပြီး၊ တခြား ငွေစျေးတွေ ကျဆင်းလာတာကို ဒေသတွင်းမှာ လည်း တွေ့နေရတာပါ။

ဒါပေမယ့် မြန်မာ့ကျပ်ငွေ စျေး ကျဆင်းတဲ့ နှုန်းက အရင် ကတည်း က ဒေသတွင်း ငွေကြေးတွေနဲ့ နှိုင်းစာရင် ကျဆင်းမှုနှုန်း မြန်နေပြီး အခု ရက်ပိုင်း ပိုမြန်လာနေတာပါ။

ဗဟိုဘဏ် အနေနဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေ ရဲ့ အကြံပေးချက်တွေနဲ့အတူ ဒီအရေး ကို ထိန်းသိမ်းလုပ်ကိုင်နေပါတယ်၊ ဒါပေမယ့် နှေးကွေးနေသေးတယ် လို့ ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုပါတယ်။

ပြည်တွင်းမှာ ရှိတဲ့ ဒေါ်လာတွေ အသုံးနည်းစေဖို့ တနိုင်ငံက ပစ္စည်း ကို ဒေါ်လာနဲ့ ပေးဝယ်ပြီး၊ မြန်မာပြည်ကို သွင်းလာကာ တခြားနိုင်ငံ တခုကို သူတို့ နိုင်ငံသုံး ငွေကြေးနဲ့ ပြန်ရောင်းရ တဲ့ ကုန်သွယ်ရေးမျိုး၊ ဥပမာ သကြားနဲ့ ဒီဇယ် ကုန်သွယ်ရေး တွေ မှာ ဖြစ်နေတာမျိုးတွေ ကို ပိတ်ပင်မယ့် အသံတွေလည်း ကြားနေရတယ်လို့ လည်း သူ က ပြောပါတယ်။

ဒေါ်လာစျေးတွေကောင်းလာတာကြောင့် ရိုက်ခတ်မှုအနေနဲ့ လောင်စာဆီ စျေးက အစ၊ စားသောက်ကုန်စျေးတွေ ပါ တက်လာနေတာပါ။

စီးပွားရေး ပညာရှင် အသိုင်းအဝိုင်း က ကျပ်ငွေစျေးထိုးကျတဲ့ အရေး ဟာ ပြန်ငြိမ်သွားနိုင်ပါတယ် လို့ မျှော်လင့်နေကြပေမယ့် နိုင်ငံစီးပွားရေး တခုလုံးမှာ နိုင်ငံခြားငွေ လိုအပ်တဲ့ သွင်းကုန်တင်သွင်းမှု က နိုင်ငံခြားငွေ ရလမ်း ဖြစ်တဲ့ ထုတ်ကုန် တင်ပို့မှု ထက်များနေတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံတွင်း ဝင်ရောက်လာမှု ကျဆင်းနေတာ စတဲ့ ကျပ်ငွေစျေး ကျဆင်းတဲ့ အကြောင်းရင်းတွေက ရှိနေဆဲဆိုတာ ကို သတိပြုမိနေကြပါတယ်။