ဒေါ်လာဈေးမြင့်တက်မှု သာမန်လူတွေကို ရိုက်ခတ်

ဒေါ်လာဈေးနှုန်းထိုးတက်သွားတာနဲ့ တပြိုက်နက်ထဲ ဓါတ်ဆီ၊ ဒီဇယ်ဆီနဲ့ အခြေခံစားသုံးကုန် ဈေးနှုန်းတွေ တက်လာပြီး သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝ၊ စားဝတ်နေရေးကိုလည်း ရိုက်ခတ်စေပါတယ်။

ဒီရက်ပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၅၀၀ ကျော်အထိထိုးတက်လာသလို စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်တွေ အသားငါးနဲ့ ဟင်းသီးဟင်းရွက် ဈေးတွေလည်း နေ့တိုင်းဆိုသလို တက်နေပါတယ်။

ဒီဇယ်ဆီ၊ ဓါတ်ဆီတွေဈေးတက်သွားတော့ သာမန်လူထုတွေအနေနဲ့ နေ့တဓူဝအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

စီအန်န်ဂျီ ဂစ်စ်နဲ့ တက္ကစီမောင်းနေတဲ့ တက္ကစီယာဉ်မောင်းတွေအတွက် သိပ်အခက်အခဲမရှိပေမယ့် ဆီကား မောင်းတဲ့သူတွေ အတွက် တော့ အခက်အခဲကြုံနေရတယ်လို့ ရန်ကုန်မြို့က တက္ကစီသမား ကိုအောင်မြင့်ဆွေ က ဘီဘီစီကို ပြောပါတယ်။

'ဒေါ်လာဈေးတက်တော့ ဆီဈေးလည်းလိုက်တက်တာပေါ့။ ဒီနေ့ ဝင်ထည့်တာ တလီတာကို ၉၂၀ ကျပ်ဖြစ်သွားပြီ။ မနေ့ကတော့ ၉၁၀ ၊ ဆီဈေးတက်ပေမယ့် ခရီးသည်တွေကို တိုးတောင်းလို့မရဘူး။ ဂက်စ်ကားတွေလည်းရှိနေတော့ သူတို့က လိုက်နိုင်တာပေါ့။ ကိုယ်ကတော့ မလိုက်နိုင်ဘူးပေါ့။ ကိုယ်က ၃၀၀၀ လောက်တောင်းတဲ့အခါမှာ ခရီးသည်က ၂၀၀၀ လောက် စစ်ရင် ကိုယ်ကမလိုက်နိုင်ဘူး။ ဂက်စ်ကားတွေတော့ လိုက်နိုင်တယ်။ အရင်ထက်ဆွဲလို့မကောင်းဘူးပေါ့' လို့ ကိုအောင်မြင့်ဆွေ က ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာ တချို့နေရာတွေမှာ စက်သုံးဆီတစ်လီတာကို ၉၆၀ ကနေ ၉၉၅ ကျပ်အထိ ဈေးတက်သွားပြီလို့ သိရပါတယ်။

ဒါ့အပြင် အခြေခံကုန်ပစ္စည်းနဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေလည်း တရက်ကို ကျပ် ၅၀၊ ၁၀၀၊ ကနေ ထောင်ဂဏန်းအထိ နေ့တိုင်းလိုလို ဈေးတက်တယ်လို့ နေ့စဉ်ဈေးဝယ်ထွက်တဲ့ ရန်ကုန်မြို့က အိမ်ရှင်မတဦးဖြစ်တဲ့ မသီတာက ပြောပါတယ်။

အစားအသောက်တွေဈေး တက်သွားလို့ မိသားစုစားဝတ်နေရေးကိုလည်း ရိုက်ခတ်မှုတွေဖြစ် စေတယ်လို့ မသီတာ က ပြောပါတယ်။

"ကန်စွန်းရွက်တစ်စည်းဆိုရင် ၂၀၀ ကနေ ၃၀၀ ဖြစ်သွားပြီ။ ကြက်ဥ ၁၀ လုံးကို အနည်းဆုံး ၁၄၀၀ ဖြစ်သွားပြီ။ အမဲသား တစ်ဆယ်သားဆိုရင် ၁၂၀၀ ကနေ ၁၅၀၀ ဖြစ်သွားပြီ။ ဆိတ်သားက ၂၀၀၀ ကနေ ၂၅၀၀ အထိဖြစ်သွားပြီ။ အခုဆို ကိုယ်စားချင်တဲ့ဟင်းကို ပုံမှန်ဝယ်မစားနိုင်တော့ဘူး။ ဈေးမေးပြီးတော့ လှည့်ပြန်သွားရတယ်"

မိသားစုများရင် များသလို၊ နည်းရင် နည်းသလို ချွေတာနေရတာပေါ့။ ကြက်ဥလေးကြော်စားတာတို့၊ အသီးအရွက်ကြော်စားတာတို့၊ ငါးပိရည်၊ တို့စရာလေးနဲ့ ပြီးသွားရတာတွေ ရှိတယ်။ အရင်တုန်းကတော့ အသားတစ်ခွက်၊ အရွက်ကြော်တစ်ခွက် လုပ်စားလို့ရတယ် လို့ မသီတာ က ပြောပါတယ်။

ဒီလိုဒေါ်လာဈေးတက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျနေတာဟာ ပြည်တွင်းက အကြောင်းအရင်းတွေ ထက် ပြည်ပက လာတဲ့ အကြောင်းအရင်းတွေနဲ့ ပိုသက်ဆိုင်မယ်လို့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် ဒေါ်လာပေါက်ဈေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပြည်ပကနေ တင်သွင်းတဲ့ လူသုံးကုန်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ စက်သုံးဆီ အစရှိတဲ့ ဈေးနှုန်းတွေဟာ ထပ်တက်လာနိုင်ခြေ ရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။