ရိုက်တာသတင်းထောက် ချက်ခြင်းလွှတ်ဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် ၂ ဦးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ ပြီးခဲ့တဲ့ စနေနေ့က စင်္ကာပူမှာတွေ့ဆုံစဉ် ပြောဆိုခဲ့တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ဦးအရေးကို နိုင်ငံခြားရေးဝန်ကြီး ပွန်ပေယိုက မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနဲ့တွေ့တုန်း ပြောဆိုခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စဟီတာနောအက်က ပြောပါတယ်။

အမေရိကန်အနေနဲ့ ရိုက်တာ သတင်းထောက်တွေ ဖမ်းဆီးခံရမှုအပေါ် စိုးရိမ်တယ်လို့လည်း ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားတာပါ။ အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးနဲ့ ၃၂ နှစ်အရွယ် ကိုဝလုံးတို့ဟာ ထောင်ဒဏ် ၁၄ နှစ်လောက် ချမှတ်ခံရနိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ရင်ဆိုင်နေရတာပါ။

သူတို့ဟာ အပြစ်မရှိကြောင်း တရားရုံးမှာ လျှောက်လဲချက် ပေးခဲ့ကြပြီးဖြစ်သလို သူတို့အနေနဲ့ ထောင်ဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုထားတာပါ။ ကျွန်တော်တို့ရဲ့ အခြေခံ ဥပဒေအရတော့ တရားစီရင်ရေးဟာ သီးခြားလွတ်လပ်မှုရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တရားရုံး စီရင်စစ်ဆေးမှုကို စောင့်ကြည့်ရပါမယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ရိုက်တာကို ပြောပါတယ်။

ဥပမာအားဖြင့် သူတို့ရဲ့ ရှေ့နေကို သူတို့ကြိုက်နှစ်သက်သူကို ဌားရမ်းခွင့်ပြုထားတာဟာ ရိုက်တာသတင်းထောက်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ဥပဒေကြောင်းအရ တန်းတူညီမျှမှု ရနေတာကို ပြသရာ ရောက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။