အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုဥက္ကဌနဲ့ မေးမြန်းချက်

နိုင်ငံတဝန်း ရေကြီးမှု အရေးပေါ် အခြေအနေ ကြေညာဖို့ မရှိသေး

ဓာတ်ပုံ ရင်းမြစ်, Dr.Win Myat Aye Facebook

ဓာတ်ပုံ ပုံစာ, သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုဥက္ကဌ ဒေါက်တာ၀င်းမြတ်အေး

မေး - မြန်မာနိုင်ငံ တဝန်း တိုင်းနဲ့ပြည်နယ် ခုနစ်ခုလောက်မှာ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်လို့ အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ဘာတွေများ လုပ်ဆောင်ပေးနေတာ ရှိပါသလဲ။

ဖြေ - ပထမဦးဆုံးအနေနဲ့ ရိက္ခာထောက်ပံမှုတွေ လုပ်တယ်။ ဥပမာ အိမ်တစ်အိမ်ကို လူဦးရေနဲ့တွက်ပြီး ပထမ ခုနစ်ရက်စာ ဆန်ဖိုး အဲဒီလို တွက်တာပေါ့နော်။ မနက် နို့ဆီဗူးတစ်လုံး ည နို့ဆီဗူးတစ်လုံး အဲဒီလိုမျိုး တွက်ပြီးတော့ ပံ့ပိုးကူညီပေးတယ်။ သူတို့လည်း ပိုပိုလျှံလျှံ ဖြစ်တာပေါ့နော်။ ဒီလိုမျိုး ဆောင်ရွက်တဲ့ နေရာမှာ လူမှုအဖွဲ့အစည်းအနေနဲ့လည်း ကူညီဆောင်ရွက်တာတွေ ရှိတယ်။ ဆန်မလိုတဲ့နေရာကျရင် လက်ထဲကို ငွေထည့်လိုက်တယ်။ လိုအပ်တဲ့ ပစ္စည်းတွေ၊ အလွယ်စားလို့ရတာတွေ ထောက်ပံ့တာတွေလည်း ကျွန်တော်တို့ လုပ်တယ်။

မေး - ရေကြီးတဲ့ ဒေသတွေထဲမှာ ဘဏ္ဍာငွေ ဘယ်လောက်သုံးပြီး ထောက်ပံ့ကူညီနေတာ ရှိလဲ။

ဖြေ- အခုဖြစ်နေတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုကို သိန်းတစ်ထောင်၊ နောက်ပြီး ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ကျွန်တော်တို့ကနေပြီး ကြိုတင်ပြီး ရန်ပုံငွေတွေ ခွဲဝေထားတာတွေ ရှိတယ်။

မေး - ဒီထောက်ပံ့ကူညီတာတွေက ဒေသခံတွေအတွက် လုံလောက်မှု ရှိရဲ့လား။ ထိရောက်မှု ရှိရဲ့လား။

ဖြေ - စခန်းကို လာရောက်တဲ့သူတွေက အလျှံအပယ် လုံလောက်တယ်။ တခါတလေကျတော့ စခန်းကို မလာရောက်နိုင်ဘူး။ တချို့ကျတော့လည်း အိမ်ကို တွယ်ကပ်ပြီး နေကြတဲ့သူတွေ ရှိတယ်။ အခြေအနေအရ မရောက်လာနိုင်တဲ့သူတွေ ရှိတယ်။ ဥပမာအားဖြင့် ဘီးလင်းမြစ် ပတ်ဝန်းကျင်မှာ ရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့ အထက်ပိုင်းက ရွာတချို့ အတွင်းပိုင်းမှာ လာလို့ သွားလို့ မလွယ်ဘူး။ မလွယ်တော့ အဲဒီမှာ လူတွေက ရေတွေ နစ်နေတယ်။ အဲဒီနေရာတွေကျ ထောက်ပံ့ရတာ ခက်တယ်။ ဒီတော့ တပ်မတော်၊ လူမှုအဖွဲ့အစည်း၊ အစိုးရဌာနတွေ၊ လူကယ်ပြန် အားလုံးက ပေါင်းပြီး နည်းမျိုးစုံနဲ့ ပို့နေရတယ်။ အခုဆိုရင် စက်လှေတွေနဲ့ ဘီးလင်းအထက်ပိုင်းက ရွာတွေကို ရောက်အောင်ပို့နေရတယ်။ ရေနစ်တဲ့ အခြေအနေက တော်တော်ဆိုးတယ်။ အဲတော့ သူတို့ မလာနိုင်ဘူးပေါ့နော်။

မေး - ဒေသခံတွေက ကြိုတင် သတိပေးမှုအပိုင်းမှာကော လုံလုံလောက်လောက် ရခဲ့ရဲ့လား။

ဖြေ - ရေကြီးရေလျှံမှုနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးမှုက တော်တော်စောစောကတည်းက ပျံ့ပျံ့နှံ့နှံ့ သတင်းပေးမှုတွေ လုပ်တယ်။ ရေကြီးလို့ ရှိရင် ကြိုတင်ပြီးတော့ ပစ္စည်းတွေက အစ ဘယ်လို ထုပ်သိမ်းထားရမယ်။ အရေးကြီးတဲ့ ပစ္စည်းကို ဘယ်လို လုပ်ထားပါ။ ဒါကို ကျွန်တော်တို့ အမြဲတမ်း ရေဒီယိုတွေကလည်း လွှင့်တယ်။ ရုပ်မြင်သံကြားကနေလည်း ပြောတယ်။ဟောပြောပွဲတွေလည်း လုပ်တယ်။ သို့သော် တကယ်တမ်း ဖြစ်တဲ့အခါမှာတော့ ဒီလိုမျိုး ခံစားရတာတွေ ရှိတာပေါ့။ ဒါပေမဲ့ သတင်းပေးတာ၊ ကြိုတင်ပြင်ဆင်မှုအပိုင်းကတော့ ဒီနှစ်မှာ တော်တော့်ကို လုပ်ထားတာ ရှိတယ်။

ရေကြီး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, သဘာဝဘေး ကျရောက်တဲ့ အရေးပေါ် အခြေအနေ ကြေညာဖို့ မရှိသေး

မေး- အဲဒါဆိုရင် အဲဒီဒေသခံတွေက ဘာလို့ ကယ်ဆယ်ရေး စခန်းကို ချက်ချင်းရောက် မလာနိုင်သေးတာလဲခင်ဗျ။

ဖြေ - တော်တော်များများ ရောက်ပါတယ်။ ဘာလို့ မရောက်လဲဆိုတော့ ခုနပြောတဲ့ မိုးကြောင့် ။ရုတ်တရက်ကြီး ရေတက်လာတဲ့အခါမှာတော့ လာလို့မရတော့တာ။ လာလို့မရတော့တဲ့အခါမှာ အခု ကျွန်တော်တို့ သွားနေရတယ်။ ဘီလင်းအထက်ပိုင်းက ရွာတွေဆို အဲဒီလို ဖြစ်တာ။ တချို့နေရာတွေကျ ဒါဖြစ်နေကျ၊ ငါတို့နေရာ ရေကြီးနေကျပဲ အခုလို မမျှော်မှန်းဘူး။ အဲဒီလို အတွေးမျိုး ရှိခဲ့ကြတယ်။ ဒါမျိုးတွေကိုလည်း ဖျောက်ဖို့ကို ကျွန်တော်တို့ ဟောပြောနေတယ်။ ဒါပေမဲ့ အကုန်လုံးထိ နားပေါက်ဖို့ကတော့ ထုံးစံအတိုင်း ဘယ်လွယ်ပါ့မလဲ။ အဲဒီအတွက်ကို သတင်းတွေ အချက်အလက်တွေ ပျံ့ပျံ့နှံ့နှံ့ ရောက်ရှိဖို့ ကျွန်တော်တို့ ကြိုးစားနေတာ ဖြစ်တယ်။

မေး - ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ တဝန်းမှာ ရေကြီးတော့လည်း သမ္မတဟောင်း ဦးသိန်းစိန်ကနေ သဘာဝ ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေလို့ ကြေညာခဲ့တာ ရှိပါတယ်။ အခုလည်း ပြည်နယ်နဲ့ တိုင်း ခုနစ်ခု လောက်မှာ ရေကြီးနေပြီဆိုတော့ ဒီကော်မတီ ဥပဒေမှာ ပါတဲ့အတိုင်း သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ အခြေအနေတွေကို တင်ပြပြီးတော့ အဲဒီဒေသကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသဖြစ်တယ်လို့ သမ္မတက ကြေညာပေးဖို့ တင်ပြဖို့များ ရှိပါသလား။

ဖြေ - ထိန်းချုပ်လို့ မရနိုင်ဘူး။ ကိုယ့်ရဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် မနိုင်နင်းဘူး။ အဲဒီလိုမျိုး အခြေအနေကျရင် ဒါတွေ ကြေညာသွားရတာတွေ ရှိတယ်။ အခု ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းအလိုက် ကြည့်လိုက်တဲ့အခါကျတော့ ကယ်ဆယ်မှုတွေ၊ ပံ့ပိုးမှုတွေ နိုင်နင်းတယ်။ ပြည်ထောင်စု အစိုးရကလည်း ကူညီနေတာ ရှိတယ်။ အရေးပေါ်ရင် ပေါ်သလို ကူညီဆောင်ရွက်တာတွေ ရရှိနိုင်အောင် ဆောင်ရွက်ဖို့ စီစဉ်ထားတယ်။ အခုကတော့ ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိနေသေးတယ်။ ဒါကြောင့်မလို့ ကြေညာဖို့ဆိုတာ မလုပ်သေးတာ။

မေး- ဒီကော်မတီရဲ့ ဥပဒေထဲမှာလည်း ပါပါတယ်။ အကူအညီတွေ မလောက်လို့ရှိရင် နိုင်ငံတကာ အကူအညီတွေ တောင်းခံလို့ရတယ်လို့ ပြောထားပါတယ်။ အဲဒီတော့ နိုင်ငံတကာ အဖွဲ့နဲ့ ဘာတွေများ ပူးပေါင်းပြီး လုပ်ဆောင်နေတာ ရှိပါသလဲ။

ဖြေ- အဲဒီနိုင်ငံတကာ အကူအညီတွေ တောင်းခံဖို့အတွက် ပုံမှန် ချိတ်ဆက်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့ကလည်း ကျွန်တော်တို့နဲ့ ဆောင်ရွက်နေတယ်။ သတင်းအချက်အလက်တွေ ချိတ်ဆက်ထားပြီ။ လိုအပ်ပြီဆိုတာနဲ့ အကူအညီတွေ တောင်းခံလို့ ရတယ်။ ဒါပေမဲ့ လောလောဆယ်ကတော့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိတယ်။ ချိတ်ဆက်ထားတာတွေ အကုန်လုံး အဆင်သင့် ရှိနေပါတယ်။