ပဲခူးတိုင်းက လေဆင်နှာမောင်းကြောင့် အိမ်ခြေတထောင်ခန့်ပျက်

ဓာတ်ပုံ ရင်းမြစ်, Myint Oo Thannatpin
ပဲခူးတိုင်း သနပ်ပင်နဲ့ ကမာနတ်မှာ လေဆင်နှာမောင်းတိုက်ခတ်သွားလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှာ ဇူလိုင် ၂၆ ရက် ည ၁၀ နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်လို့ ကျေးရွာ ၁၃ ရွာက နေအိမ် ၂၅၃ လုံးဝပြိုကျ ပျက်စီးသွားတယ်လို့ သနပ်ပင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်လို့ ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦးထိခိုက်ဒဏ်ရာ ရရှိပြီး ကလေး တဦးကိုတော့ ပဲခူးဆေးရုံမှာ တင်ထားရတယ်လို့ ဦးမြင့်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Oo Thanatpin
ကျေးရွာ ၁၃ ရွာက အမိုးပြိုကျတဲ့ နေအိမ် အဆောက်အအုံလည်း ၃၄၉ ခုရှိပြီး ကျီးပင်စုကျေးရွာက ဆေးရုံအပါဝင် ဝန်ထမ်းနေအိမ်တွေ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်း တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ နေအိမ်လုံး၀ ပြိုကျပျက်စီး သွားတဲ့ရွာခံတွေကို ကူညီထောက်ပံမှုတွေ မလုပ်ပေးနိုင်သေးလို့ နီးစပ်ရာဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ ရွာခံတွေ သွားနေနေရတယ်လို့ ဦးမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
သူတို့တွေကို ကူညီထောက်ပံ့နိုင်ဖို့ တိုင်းအစိုးရထံ ပျက်စီးဆုံရှုံးမှု အခြေအနေတွေကို တင်ပြပေးပို့ ထားတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Oo Thanatpin
အလားတူပဲ ဇူလိုင်လ ၂၆ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့် အချိန်က ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ကမာနတ်ကျေးရွာမှာ လေဆင်နှာမောင်း တိုက်ခတ်လို့ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေ အပါအဝင် နေအိမ် ၂၀၀ ကျော် ပြိုကျပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေဆင်နှာမောင်း တိုက်ခိုက်လို့ လူသေဆုံးတာမရှိပေမယ့် ပျက်စီးဆုံးရှုံးမှုတွေများလို့ ရွာခံတွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးမှာ အခက်အခဲတွေရှိနေပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ်လို့ ပြောဆို ကြပါတယ်။








