ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတော့မလား
မြန်မာနိုင်ငံတွင်း ပညာရေး ကဏ္ဍမှာ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးနိုင်ဖို့ ပြင်ဆင်တဲ့ အနေနဲ့ အမျိုးသားအဆင့် ညီလာခံတစ်ရပ်ကို ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်မှာ နှစ်ရက်တာ ကျင်းပခဲ့ပါတယ်။
ဒီညီလာခံမှာ တက္ကသိုလ် အုပ်ချုပ်သူတွေရဲ့ ခေါင်းဆောင်မှု စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးတွေကို အဓိက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ အုပ်ချုပ်သူတွေကို စီမံခန့်ခွဲမှု သင်တန်းပေးသွားဖို့အတွက် အမျိုးသားအဆင့်မြင့် ပညာဖွံဖြိုးရေးကျာင်း (NIHED ) ဖွင့်လှစ်သွားဖို့ ရှိတယ်လို့လည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
ဒါ့အပြင် ဒီညီလာခံတွင်း ဆွေးနွေးချက်တွေဟာ တက္ကသိုလ်အားလုံးရဲ့ စီမံခန့်ခွဲမှု အပိုင်းမှာ အထောက်အကူပြုနိုင်တယ်လို့ ရန်ကုန်စီပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦးက ဘီဘီစီ ကို ပြောပါတယ်။
ခေါင်းဆောင်မှုအပိုင်း အရည်အသွေးပိုင်းနဲ့ သုတေသနတွေ များများ လုပ်တာဟာ တက္ကသိုလ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သက်ရောက်မှု ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သုတေသနနဲ့ လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူချုပ် ဦးကိုလေးဝင်းကလည်း တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးတဲ့အခါ အဆင်သင့်ဖြစ်ဖို့အတွက် သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ စီမံ အုပ်ချုပ်သူတွေကို အရည်အသွေးပိုင်း မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တက္ကသိုလ်တွေ ဖြစ်လာဖို့ ရည်ရွယ်ပြီး ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် အပါအဝင် စုစုပေါင်း တက္ကသိုလ် ၁၁ ခုကို ၀င်ခွင့်တိုက်ရိုက် ရွေးချယ်တဲ့စနစ်ကို ပြောင်းထားပြီး ဖြစ်ပါတယ်။
နောက်နှစ်တွေဆိုရင် ဒဂုံနဲ့ ရတနာပုံ တက္ကသိုလ်အပါအဝင် တခြား ပြည်နယ်နဲ့ တိုင်း ဒေသကြီးက တက္ကသိုလ် အချို့ကိုလည်း တက္ကသိုလ်တွေဘက်က အဆင်သင့်ဖြစ်ရင် ဒီလို လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ အဆင့်မြင့် ပညာဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောပါတယ်။
၂ ရက်တာ ကျင်းပတဲ့ ဒီညီလာခံကနေ ရရှိလာတဲ့ အသိပညာ ဗဟုသုတတွေကို အသုံးပြုပြီး လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့ တက္ကသိုလ်တွေဖြစ်အောင် ပြောလဲပေးနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
ဒီညီလာခံကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်က ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နဲ့ ပါမောက္ခတွေ တက်ရောက်ပြီး မဟာဗျူဟာဆိုင်ရာ ဦးဆောင်မှုနဲ့ စီမံခန့်ခွဲမှု အပါအ၀င် သုတေသနေ လုပ်ငန်းတွေမှာ ဦးဆောင် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြည်တွင်း ပြည်ပ ပညာရှင်များနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီညီလာခံကို ဗြိတိသျှ ကောင်စီက မြန်မာ့ ပညာရေး ကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ကူညီဆောင်ရွက်နေတဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး University College London ၊ ဟန်ဂေရီ နိုင်ငံက ဗဟိုဥရောပ တက္ကသိုလ် နဲ့ စာကြည့်တိုက်များအတွက် အီလက်ထရောနစ် သတင်းအချက်အလက် အဖွဲ့အစည်းက ပညာရှင်များလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။