ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟောပြောပွဲ စာတမ်းဖတ်ပွဲ တက္ကသိုလ်မှာ မလုပ်ဖို့ ကန့်သတ်
တက္ကသိုလ်ကောလိပ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲနဲ့ ဟောပြောပွဲတွေ မလုပ်ဖို့နဲ့ ပြုလုပ်မယ့် စာတမ်းဖတ်ပွဲတွေကိုလည်း ပညာရေး ဝန်ကြီးဌာနရဲ့ ခွင်ပြုချက် ရယူရမယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဒါအပြင် ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် ခေါင်းစဉ်၊ ဟောပြောမယ့် ပုဂ္ဂိုလ်ရဲ့ အမည်နဲ့ကိုယ်ရေးမှတ်တမ်း၊ ဖိတ်ကြားမယ့်သူရဲ့ စာရင်းကို ဝန်ကြီးဌာနကို တင်ပြပြီးခွင့်ပြုချက်ရယူဖို့ မေလ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အခုလို ညွှန်ကြားချက်ထုတ်ပြန်ရတာက ဟောပြောပွဲတွေလုပ်ရင် ခွင့်တောင်းတာ တမျိုး လုပ်တာတမျိုး မဖြစ်အောင် ထုတ်ပြန်ရတာလို့ အဆင့်မြင့် ပညာဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်အောင်မြင့်က ပြောပါတယ်။
အရင်က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းတွေမှာ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ရင် သက်ဆိုင်ရာ ဘာသာရပ်တွေက ဌာနမှုးတွေ၊ ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေရဲ့ ကျောင်းအုပ်၊ ပါမောက္ခချုပ်တွေ ခွင့်ပြု ပေးရင် လုပ်လို့ရတယ်လို့ ဆရာဆရာမတွေနဲ့ ကျောင်းသားတွေက ပြောဆိုကြပါတယ်။
ဒီညွှန်ကြားချက်ကို တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကျောင်းတွေက မေလ ၂၉ ရက် ညနေပိုင်းကမှ လက်ခံရရှိခဲ့တယ်လို့ ပညာရေးအသိုင်းအဝန်းက ပြောဆိုပါတယ်။
ဒါအပြင်အခုလို ညွှန်ကြားလာတာဟာ ကျောင်းသားတွေအတွက် တွေးခေါ် စဉ်စား နိုင်မယ့် ဥာဏ်စွမ်းအားကို ဟန့်တားမှုဖြစ်စေတယ်ဆိုပြီး ဆရာတွေ၊ ကျောင်းသား တွေသာမက နိုင်ငံရေးလှုပ်ရှားသူတွေကပါ ဝေဖန်ပြောဆို နေကြပါတယ်။
ဒီကန့်သတ်ချက်ကို ကျောင်းသား သမဂ္ဂတွေနဲ့ ဆရာ/ဆရာမ အဖွဲ့တွေက ကြေညာချက်တွေထုတ်ပြီး ဝေဖန်ကန့်ကွက်နေကြသလို ဒီမိုကရေစီ ပညာရေး စနစ်နဲ့ ဆန့်ကျင်တဲ့ ဗဟိုချုပ်ကိုင်မှု အဖြစ်လည်း ထောက်ပြကြပါတယ်။
ဘာသာရပ် အတော်များများဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်နေလို့ ဒီညွှန်ကြားချက်ကို လက်မခံနိုင်ဘူးလို့ ရန်ကုန်တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ အဆင့်မြင့်ဒီပလိုမာတန်းမှာ တက်ရောက် ပညာသင်ယူနေတဲ့ ကိုမိုးထက်နိုင်က ပြောပါတယ်။
တက္ကသိုလ်ထဲမှာ နိုင်ငံရေး ဆွေးနွေးခွင့်မရှိသလို ဒီလိုဆွေးနွေးဖို့ တစုံတဦး တယောက်ဆီကနေ ခွင့်ပြုချက် ရယူရမယ်ဆိုတာ မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။
ဒီညွှန်ကြားချက်က ကျောင်းသားလူငယ်တွေရဲ့ အသိအမြင်ကို ပိတ်ဆို့ရုံသာမက နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ ဘာသာရပ်တွေကို သင်ကြားနေကြသူ ကျောင်းသား ကျောင်းသူတွေအတွက် မသင်မပြောရဆိုတဲ့ အခြေအနေကိုပါ သက်ရောက်စေ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။
ဒါအပြင် သင်ကြားပေးသူ ဆရာဆရာမတွေအတွက် ပြစ်မှုကျုးလွန်တဲ့ အနေ အထား ကို ရောက်ရှိစေနိုင်လို့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ကန့်ကွက် တင်ပြမယ်လို့ သူက ပြောပါတယ်။