ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NLD အစိုးရလက်ထက် ကျောင်းသား ဆန္ဒ ပြပွဲများ
- ရေးသားသူ, ကျော်ဇေယျ
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
သမ္မတ ဦးသိန်းစိန် ရဲ့ အရပ်သား တပိုင်း အစိုးရ လက်ထက်မှာ ကျောင်းသား ဆန္ဒပြမှု တွေ အကြိမ်ကြိမ် ဖြစ်ပွား ခဲ့ပါတယ်။ အဲဒီ အထဲ က အထင်ရှား ဆုံး ကတော့ အမျိုးသား ပညာရေး ဥပဒေ ပြဋ္ဌာန်း မှု ကို ကျောင်းသားတွေက ဆန့်ကျင် ကန့်ကွက် ခဲ့ကြတဲ့ ဆန္ဒပြမှုပါ။
ပညာရေး ဥပဒေ ကို ကန့်ကွက်တဲ့ အနေနဲ့ ကျောင်းသား တွေဟာ မြန်မာ နိုင်ငံ အလယ်ပိုင်း ကနေပြီး ရန်ကုန် မြို့ အထိ ချီတက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကျောင်းသား တွေရဲ့ ချီတက်မှု ဟာ လက်ပံတန်း ဒေသ အရောက် မှာတော့ အစိုးရ ရဲ့ ဖြိုခွင်းမှု ကို ခံခဲ့ရပြီး ဆန္ဒပြမှု ဟာ အဆုံး သတ်ခဲ့ပါတယ်။
ကျောင်းသား ဆန္ဒပြပွဲကို ဦးဆောင် ကြတဲ့ ကျောင်းသား ခေါင်းဆောင် တွေကို လည်း ငြိမ်းစုစီ ပုဒ်မ ၁၈ အပြင် လူစုလူဝေးမှု၊ အမိန့် မနာခံမှု၊ လှုံ့ဆော်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု လို ပုဒ်မ တွေနဲ့ အစိုးရ က အရေးယူမှု တွေ လုပ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှာတော့ မြန်မာ နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကိုကျင်းပ ခဲ့ပြီး လွှတ်တော်မှာ အမတ် နေရာ အများစု ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က အစိုးရ တာဝန် ကို လွှဲပြောင်း ယူခဲ့ပါတယ်။
NLD အစိုးရ လက်ထက်မှာတော့ ကျောင်းသား တွေရဲ့ ဆန္ဒပြမှု ဟာ အရင် အစိုးရ တွေလို အများ အပြား မရှိ ခဲ့ပေမယ့် ဆန္ဒပြမှုတချို့တော့ ရှိခဲ့ပါတယ်။
အဲဒါ တွေကတော့ -
(၁) သူနာပြုတက္ကသိုလ် ဆန္ဒပြမှု
သူနာပြု တက္ကသိုလ် ကျောင်းသား တွေ အနေနဲ့ စာသင်မှု ပြီးဆုံး ခဲ့ရင် ကျန်မာရေး နဲ့ အားကစား ဝန်ကြီး ဌာန မှာ ၃ နှစ် တာဝန် ထမ်းဆောင် ပြီး မှ သူနာပြု လိုင်စင် ထုတ် ပေးမယ် ဆိုတဲ့ ကန့်သတ် ချက် တွေကို မကျေနပ်လို့ သူနာပြု တက္ကသိုလ် ကျောင်းသား တွေ က ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ မှာ ဆန္ဒပြ ခဲ့ကြပါတယ်။
(၂) ရန်ကုန် ပညာရေး တက္ကသိုလ် ဆန္ဒပြမှု
တပ်မတော် ကနေ အငြိမ်းစား အရာ ရှိတွေကို ပညာရေး ဝန်ကြီး ဌာနမှာ ခန့် အပ် ဖို့ ဆုံးဖြတ် ခဲ့တဲ့ ကိစ္စ ကို ပညာရေး တက္ကသိုလ် က ကျောင်းသား တွေ က မကျေနပ် တဲ့ အတွက် ၂၀၁၇ ခုနှစ်၊ မတ် လ မှာ ဆန့်ကျင် ဆန္ဒပြ ခဲ့ ကြပါတယ်။ ဒီ ဆန္ဒပြမှု ကို အစိုးရ တာဝန် ရှိသူတွေ က လာရောက် ညှိနှိုင်း ခဲ့ပြီး ပြေလည်မှု ရရှိ ခဲ့ပါတယ်။
(၃) ရန်ကုန် တက္ကသိုလ် ဆန္ဒပြမှု
ရန်ကုန် တက္ကသိုလ် က အဆောင် စည်းကမ်း တွေ ပြင်ဆင် ပေးဖို့ ကျောင်း သား တွေက ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ ကျောင်းသား တွေက ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ ဒီကိစ္စ တွေကို တော့ အခုချိန် အထိ ကျောင်းသား တွေနဲ့ တာဝန်ရှိသူတွေ အကြား ညှိနှိုင်း နေဆဲ ဖြစ်ပြီး ပြေလည်မှုတော့ မရရှိသေး ပါဘူး။
(၄) စစ်ကိုင်း ကောလိပ် ဆန္ဒပြမှု
NYRDDC စစ်ကိုင်း ကောလိပ်မှာ ဒုတိယ နှစ် ရူပဗေဒ ကျောင်းသား ဆလိုင်း နိန်ထွန်း ဟာ နိုင်ငံရေး ကိစ္စတွေ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့အတွက် ကျောင်း ထုတ် ခံလိုက်ရပါတယ်။ ဒါကို မကျေနပ် တဲ့ အတွက် ကျောင်းသား တွေက ၂၀၁၇၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ ကျောင်းတွင်းမှာပဲ ဆန့်ကျင် ဆန္ဒပြမှု တွေ လုပ်ခဲ့ပါတယ်။ ဒီကိစ္စကတော့ အခုချိန်ထိ ပြေလည် မှု မရသလို၊ကျောင်းထုတ် ခံရတဲ့ ချင်း ကျောင်းသား ဆလိုင်း နိန်ထွန်း ဟာလည်း ကျောင်းပြန် တက်ခွင့် မရရှိခဲ့ပါဘူး။ အရပ်သား အစိုးရ လက်ထက်မှာ ကိုယ်ပိုင် ရေးသား ထုတ်ဖော်ခွင့် မရှိတဲ့ အပေါ်မှာလည်း ပြောဆို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
(၅) ပညာရေး အသုံးစရိတ် တိုးမြင့်ပေးရေး ဆန္ဒပြမှု
ပညာရေး အသုံးစရိတ် မြှင့်တင် ပေးဖို့ ဆန္ဒ ပြမှု ကတော့ လက်ရှိ အချိန်မှာ ဖြစ်ပျက်နေတာပါ။ ကန့်ကွက် ဆန္ဒပြမှု ကြောင့် ကျောင်းထုတ် ခံရတဲ့ ကျောင်းသား ဦးရေ ကလည်း အယောက် ၄၀ ကျော် သွားခဲ့ပါပြီ။ ဒီထဲမှာ မန္တလေး ရတနာပုံ တက္ကသိုလ်က ၁၄ ယောက်၊ ရမည်းသင်း နည်းပညာ တက္ကသိုလ်က ၁၁ ယောက်၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်က ၆ ယောက် ၊ မိတ္ထီလာ နည်းပညာ တက္ကသိုလ်က ၁ ယောက် နဲ့ မိုးညှင်း ဒီဂရီ ကောလိပ်က ၄ ယောက်တို့ ပါဝင်တယ်လို့ ရတနာပုံတက္ကသိုလ်က ကျောင်းထုတ်ခံခဲ့ရတဲ့ တတိယနှစ် ဥပဒေ အထူးပြု ကျောင်းသား တစ်ဦးလည်း ဖြစ်၊ သပိတ်ကော်မတီဝင်တစ်ဦးလည်း ဖြစ်တဲ့ ကိုကျော်သီဟရဲကျော်က ဘီဘီစီ ကို ပြောပါတယ်။
(၆) အခြား ကျောင်းတွင်း ဆန္ဒပြမှုများ
စစ်ကိုင်းပညာရေးတက္ကသိုလ် မှာ ကျောင်းစည်းကမ်းကိုမကျေနပ်လို့ ကျောင်းသား တွေက ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီမှာ ဆန္ဒပြ ကျောင်းသား နှစ်ယောက် ဖမ်းဆီး ခံခဲ့ရပြီး ကျောင်းသား တစ်ဦး ဖြစ်တဲ့ ကိုဇော်ရဲထွဋ် ဟာ ဒီနေ့ အချိန် အထိ ကျောင်းပြန်တက်ခွင့် မရခဲ့ပါဘူး။
၈ တန်းကျောင်းသား မိုင်းချိုမင်းထွေး ကို မတရား အသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် နမ့်ဆန် တရားရုံး က အမိန့် ချမှတ် ခဲ့ပါတယ်။ ဒီ ကိစ္စ အပေါ်မှာလည်း ကျောင်းသား အသီးသီး က ဆန့်ကျင် ကန့်ကွက်မှုတွေ လုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရ လက်ထက်က ဒိုင်းနမိုက်နဲ့ ဖြိုချခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်တွင်း တက္ကသိုလ် ကျောင်းသမဂ္ဂ အဆောက် အအုံ ပြန်လည် တည်ဆောက်ဖို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက တွေ့ဆုံ ဆွေးနွေး စီစဉ်မှု တွေပြုလုပ်နေတာနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ က အဆောက်အအုံဟောင်း နေရာမှာ ပြန်မဆောက်ဖို့နဲ့ သမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေး အတွက် လွတ်လပ်တဲ့ အဖွဲ့ ဖွဲ့စည်းပေးဖို့ အပါအဝင် အချက် ၄ ချက်ကို တောင်းဆို ထားပါတယ်။