မိုးသည်းထန်လို့ မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံ

ဇွန်လ ၁၇ ရက် ၊ ဒီကနေ့ မနက်လင်းပိုင်း ၃ နာရီ ဝန်းကျင်က စတင်ပြီး မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းလို့ မော်လမြိုင်မြို့ အပါအဝင် သထုံ၊ ချောင်းဆုံ၊ ဘီလူးကျွန်း၊ မုဒုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ ရေကြီးရေလျှံပြီး ဆက်သွယ်သွားလာရေး ယာယီ ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့နယ် အတွင်းက တောင်ဝိုင်းရပ်၊ ဥယျာဉ်လမ်း နယ်မြေ ၁ဝ မှာရှိတဲ့ နေအိမ်တွေ ရေကြီးနစ်မြုပ်လို့ လူ ၁၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ် ဆောင်ရွက် ပေးခဲ့ရတယ်လို့ လူမှု ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ရေကြီးရေလျှံမှု ဖြစ်ပွားချိန်မှာ မော်လမြိုင်-ကမ်းနားလမ်းတလျှောက် ရေကျော်ခဲ့သလို၊ ဘေးအန္တရာယ် လုံခြုံရေးအတွက် မုတ္တမနဲ့ မော်လမြိုင်ကို ဆက်သွယ်ထားတဲ့ မော်လမြိုင်တံတားကို နာရီပိုင်း ယာယီပိတ်ထား ခဲ့ရတဲ့ အတွက် ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်ပေါ် ခဲ့တယ်လို့ မော်လမြိုင်မြို့ခံ ကိုနေမင်းက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ကျိုက်မရော - မုဒုံသွားကားလမ်း ဘုရားနှစ်ဆူ အနီးမှာလည်း တံတားရေတိုက်စားလို့ ကမ်းပါးပြိုနေပြီး၊ ခုနှစ်ခွေတောင်ကမ်းပါး ဆက်ပြိုကျနေလို့ လမ်းခေတ္တ ပိတ်ထားတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
မိုးသည်းထန်လို့ မော်လမြိုင်- မုဒုံ- သံဖြူဇရပ် ကိုသွားရာ ကားလမ်းတလျှောက် ရေကျော် မြေပြိုတာတွေ ရှိသလို၊ လေပြင်းတိုက်လို့ သစ်ပင်တွေပြိုလဲလို့ လမ်းတွေ ပိတ်ဆို့တာ ကြုံနေရတယ်လို့လည်း ခရီးသွားတွေက ပြောပါတယ်။
သံဖြူဇရပ်နဲ့ ရေးမြို့နယ်မှာ မိုး သည်းသည်းထန် ရွာသွန်းပြီး ရေကြီးရေလျှံလို့ ည ၁ နာရီလောက်က စတင်ပြီး မြို့ပေါ်ရပ်ကွက်မှာ နေထိုင်ကြသူတချို့ကို ကယ်ဆယ်ပေးရတယ်လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Minn Latt

ဓာတ်ပုံ ရင်းမြစ်, NAY mINN

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားရာဒေသတွေက လယ်ယာစိုက်ခင်းတွေ ရေနစ်မြုပ်ကုန်ပြီး၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာရှိတဲ့ ဆားကွင်းတွေ၊ ဆားဂိုထောင်တွေနဲ့ ငါးပိဂိုထောင်တွေလည်း ရေမြုပ် ဆုံးရှုံးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း အခုလို ရေကြီးမှု ဖြစ်ပွားတာဟာ နှစ် ၄ဝ အတွင်း အဆိုးရွားဆုံးဖြစ်ပွားတာလို့ မြို့ခံတွေက ပြောပါတယ်။








