မိုးရွာသွန်းမှုကြောင့် ချင်း နဲ့ ကယားမှာ မြေပြို

ချင်းပြည်နယ်, မြေပြိုမှု ,ကယား

ဓာတ်ပုံ ရင်းမြစ်, Chin World

ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ်မှာ ၂၀၁၅ ခုနစ် မြေပြိုမှု ဖြစ်ပွားခဲ့စဉ်က

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီး မြေပြိုကျမှုအထိ ဖြစ်ပွားလာပါတယ်။ မြေပြိုကျလို့ လမ်းပျက်တာတွေ လမ်းပိတ်ဆို့နေတာကို ချင်းပြည်နယ်အတွင်း ကျေးရွာအတော်တော်မှာ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မိုးဆက်တိုက်ရွာနေလို့ ချင်းပြည်နယ်အတွင်းက မင်းတပ်နဲ့ မတူပီမြို့နယ်ကြား ဆက်သွယ်သွားလာတဲ့ လမ်းတွေမှာ မြေပြိုကျပြီး လမ်းပိုင်းပျက်စီးလို့ လမ်းလျှောက်သွားလာရာမှာတောင် အန္တရာယ်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၃ ရက်ကလည်း မတူပီမြို့နယ်၊ လောင်ဗန်းရပ်ကွက်မှာရှိတဲ့ လူနေအိမ် ၂ အိမ်ပေါ် မြေပြိုကျလို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့လည်း မတူပီမြို့နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်အတွင်းက ကျေးရွာတော်တော်များများမှာလည်း ဒီရက်ပိုင်းမိုးများလို့ ရွာချင်းဆက်လမ်းတွေ ပျက်စီးပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မင်းတပ်မြို့ခံဖြစ်တဲ့ ဆလိုင်းရှယ်အောင်က ပြောပါတယ်။

အလားတူပဲ မြေပြိုကမ်းပါးပြိုကျနေလို့ ရေဇွာ- ဟားခါး- ဂန့်ဂေါ သွားလမ်းပိတ်နေတာ ၅ ရက်လောက်ကြာနေပြီဖြစ်လို့ ကုန်သွယ်မှုတွေ ပြတ်တောက်တာတွေ ရှိလာနိုင်တယ်လို့ ရေဇွာမြို့ခံ ကိုဂျုးက ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာလည်း မိုးကောင်းတာကြောင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် အတွင်းက ကျေးရွာတွေမှာ ရေကြီးရေဝင်တာတွေဖြစ်လို့ စိုက်ခင်းတွေ ပျက်စီးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကြီးလို့ ဒီမော့ဆိုမြို့နယ်က လိန်ချောင်းကမ်းပါး ပြိုကျရာမှာလည်း အသက် ၁၈ နှစ်အရွယ် ကျောင်းသူတစ်ဦး မျောပါပျောက်ဆုံးနေတယ်လို့ ဒီမော့ဆိုမြို့ခံတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက ခူးပရာ-လိုဘာခို ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမှာ မြေသားနံရံပြိုကျလို့ လမ်းပိတ်ဆို့ပြီး သွားလာရခက်ခဲရသလို၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ဟိုယာဒေသမှာလည်း မိုးအဆက်မပြတ် ရွာသွန်းလို့ မြေပြိုကျတာ၊ တံတားပျက်စီးတာတွေ ဖြစ်နေတယ်လို့ ဟိုယာဒေသခံ ကုန်တင်ယာဉ်မောင်း ကိုပီတာက ပြောပါတယ်။

ရုတ်တရက် ရေကြီးရေလျှံလို့ စိုက်ခင်းတွေရာချီ ပျက်စီးကုန်တယ်လို့ လိုဘာခို ဒေသခံ ဦးမင်းသိန်းက ပြောပါတယ်။

ဒီနှစ်ပိုင်းအတွင်း အခုလိုရေကြီးမြေပြိုတာမျိုးတွေ မဖြစ်ပွားတာ ကြာပြီဖြစ်ပြီး ကျေးရွာဖွံဖြိုးရေးအတွက် လမ်းတွေဖောက်လုပ်ရာက လုပ်ကိုင်ခွင့်ရတဲ့ ပုဂလိက ကုမ္ပဏီတွေက လမ်းတွေချဲ့၊ ရေမြောင်းတွေ ဖောက်ရာမှာ မြေထိန်းနံရံတွေကို သေချာမလုပ်ကိုင်ပေးဖို့ ခုလိုဖြစ်ပွားရတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။