ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားကို ငွေရှာပေးသူတွေ မောင်းထုတ်ခဲ့မှု မြန်မာကို ထရမ့် ကျေးဇူးတင်
မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြောက်ကိုရီးယားရဲ့ စီးပွားရေးအရ ဝင်ငွေရလမ်းဖြစ်စေတဲ့ လုပ်ငန်းအချို့နဲ့ လူအချို့ကို ပိတ်သိမ်းစေပြီး မြန်မာနိုင်ငံထဲက ထွက်သွားအောင် မြန်မာ အစိုးရက ဖိအားပေးခဲ့တဲ့ အပေါ် အမေရိကန် သမ္မတ ထရမ့်က ကျေးဇူးတင်ကြောင်း စာတစောင်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ မကြာသေးခင်ကပဲ ပေးပို့ထားခဲ့တယ်လို့ မြန်မာကို ရောက်နေတဲ့ အိမ်ဖြူရဲ့ လုံခြုံရေးကောင်စီ အာရှရေးရာ အရာရှိက ပြောပါတယ်။
သမ္မတထရန့်က ဒေါ်အောင်ဆန်းစုကြည်ကို ရေးတဲ့စာထဲမှာ မြန်မာက လုပ်ခဲ့တဲ့ အရာတွေထဲက ကျေးဇူးတင်တဲ့ အရာတွေပါတဲ့အကြောင်းနဲ့ မြောက်ကိုရီးယားအစိုးရရဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ဖို့ ငွေရှာပေးနေတဲ့ တချို့သောသူတွေ မြန်မာနိုင်ငံထဲက ထွက်သွားအောင် လုပ်ပေးတဲ့ ကိစ္စလည်း ပါဝင်တယ်လို့ မြန်မာကို ရောက်နေတဲ့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ အာရှရေးရာ ဒါရိုက် မက်ပိုတင်းဂျားက မီဒီယာတွေကို ပြောပါတယ်။
ဘယ်သူတွေကို မောင်းထုတ်ခဲ့ လို့ ကျေးဇူးတင်တာလဲဆိုတာကိုတော့ အိမ်ဖြူတော် လုံခြုံရေးကောင်စီ အရာရှိက ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။
အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို စီးပွားရေးအရ ဖိအားပေးမှုဆိုင်ရာ မူဝါဒက အခုထိ ထားရှိနေဆဲဖြစ်ပြီး စီးပွားရေးအရ ဖိအားပေးမှုဟာ ထရမ့် နဲ့ ကင် တို့ရဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲဟာ ပေါ်ပေါက်ခဲ့တာလို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားအစီအစဉ် မဖျက်သိမ်းမချင်း ပိတ်ဆို့မှုတွေက ဆက်ရှိနေဦးမယ်လို့ သူက ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ကုလ ကန့်သတ်မှု စာရင်းဝင်နေတဲ့ ရန်ကုန် အခြေစိုက် မြောက်ကိုရီးယား သံရုံးရဲ့ ဒုတိယ အတွင်းဝန်ဟာ သူ့ရဲ့ နိုင်ငံကို ပြန်သွားခဲ့ရပါတယ်။
ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးက ဒုတိယ အတွင်းဝန် ကင်မ်ဂျုံနမ် ကို ထွက်ခွာ သွားစေခဲ့တာ ဖြစ်ပြီး အဲဒီသူနဲ့ သူ့ရဲ့ မိသားစုဟာ ၂၀၁၇ ခုနစ် ဇွန်လမှာ မြောက်ကိုရီးယားကို ဇွန်လထဲမှာ ပြန်သွား ခဲ့ပါတယ်။
မစ္စတာ ကမ်ဂျုံနမ်ရော၊ သူနဲ့ ပတ်သက်တဲ့ မြောက်ကိုရီးယား သတ္တုတွင်း လုပ်ငန်းပါ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ကန့်သတ် ထားတဲ့ စာရင်းထဲ ပါဝင် နေတာကြောင့် မြန်မာပြည်မှာ အဲဒီသံအရာရှိကို ဆက်လက် လက်မခံ ထားနိုင်တော့ကြောင်း မြောက်ကိုရီးယား သံရုံးကို အကြောင်းကြား ခဲ့တာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဌာနက ၂၀၁၇ ခုနစ် အောက်တိုဘာလတုန်းက ဘီဘီစီကို အတည်ပြုပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က မြောက်ကိုရီးယား စားသောက်ဆိုင်ကလည်း ၂၀၁၈ ခုနစ် မတ်လမှာ ပိတ်သိမ်းခဲ့ရပါတယ်။
၂၀၁၇ ခုနစ်လောက်အထိကို မြန်မာအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှုတွေ ဆက်ရှိနေတယ်လို့ အမေရိကန်ဘက်က ယူဆကြောင်း မြန်မာကို လာရောက်ခဲ့တဲ့ မြောက်ကိုရီးယားအရေးဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျိုးဇက်ယွန်းက ပြောဆိုထားခဲ့ပါတယ်။