ရိုက်တာသတင်းထောက်တွေကို စွဲချက်မတင်ဖို့ လျှောက်ထားချက် ပယ်ချခံရ

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့ အမှုနဲ့ပတ်သတ်ပြီး လျှို့ဝှက်အက်ဥပဒေနဲ့ စွဲချက်တင်ရန် အကျုံးမဝင်ကြောင်း လျှောက်ထားခဲ့မှုအပေါ် တရားသူကြီးက ဒီကနေ့ရုံးချိန်းမှာ ပယ်ချလိုက်ပါတယ်။

ရိုက်တာသတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့ လျှောက်ထားရာမှာ တရားလိုပြ သက်သေ ၂၅ ယောက်မှာ စစ်ဆေးရန်ကျန်ရှိနေသေးတဲ့ သက်သေ ၈ ယောက်ထဲမှာ အရေးကြီးသက်သေ ကျန်နိုင်သေး လို့ တင်ပြမှုအပေါ် တရားသူကြီးက ပယ်ချခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

လျှောက်ထားချက် ပယ်ချခံရတဲ့အပေါ်မှာတော့ စိတ်လှုပ်ရှားမှု သိပ်မရှိပါဘူးလို့ ကိုသက်ဦးမောင်(ခ) ကိုဝလုံးက တရားရုံးကပြန်ထွက်လာစဉ်မှာပြောခဲ့ပါတယ်။

''ကျွန်တော် ဒီမိုကရေစီကို ယုံကြည်ပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို မဖြစ်မနေ ပြန်လွှတ်ပေးရမယ်ဆိုတာ အချိန်တန်ရင်တော့ဖြစ်လာမယ်ဆိုတာ အပြည့်အဝယုံကြည်တယ်။ အင်းဒင်ရွာလူသတ်မှုမှာ လူသတ်တဲ့သူတွေကို ၁၀နှစ်ထောင်ဒဏ်ချခဲ့ပြီး ဖြစ်ပါတယ်။ အခု အဲ့ဒီသတင်းကို ဖော်ထုတ်ရေးသားခဲ့တဲ့ ကျွန်တော်တို့က ၁၄နှစ် ကျခံရနိုင်တဲ့ အမှုနဲ့ စွဲချက်တင်ခံထားရတာပါ။ အစိုးရကို မေးချင်ပါတယ်။ အမှန်တရားနဲ့တရားမျှတမှုဆိုတာ ဘယ်မှာလဲ'' လို့ ပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို ကျူးလွန်ရာမှာ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ တွေ့ရှိရတာကြောင့် ပြစ်မှုကျူးလွန်တဲ့ အရာရှိ ၄ ဦးနဲ့ အခြားအဆင့်စစ်သည် ၃ ဦးတို့ကို တပ်မတော် ကနေ အမြဲတမ်း ထုတ်ပစ်ပြီး နယ်ဘက် အကျဉ်းထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ကျခံစေဖို့ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန် ထားပါတယ်။

ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်တဲ့ အစီအရင်ခံစာ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိလို့ ဆိုပြီး ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက မင်္ဂလာဒုံမြို့နယ် အတွင်းမှာ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) တို့နဲ့ ဖမ်ဆီးအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။