ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီအုန်းကုမ္ပဏီ သစ်ခုတ်ရောင်းနေ
တနင်္လာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ဖို့ မြေနေရာချထားတဲ့ ကုမ္ပဏီတွေထဲက မြေယာအများဆုံးရထားတဲ့ MAC မြန်မာအော်တို ကော်ပိုရေးရှင်း ကုမ္ပဏီဟာ စိုက်ခွင့်ပေးထားတဲ့ ဧကစုစုပေါင်း ရဲ့ ၃ ရာခိုင်နှုန်းပဲ စိုက်ခဲ့တယ်လို့ မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆီအုန်းနောက်ကွယ် အစီရင်ခံစာက ထောက်ပြလိုက်ပါတယ်။
ကိုရီးယား အခြေစိုက် အော်တို စက်မှုလုပ်ငန်းစု AIC နဲ့ စင်္ကာပူအခြေစိုက် Resources and Resource Pte.Ltd တို့ ပူးတွဲ တည်ထောင်ထားတဲ့ MAC ကုမ္ပဏီကို ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေ နဲ့ တောင်ယာ မြေဧက ၂ ထောင်ကျော်အပါအဝင် မြေဧက ၁ သိန်း ၃ သောင်းကျော်မှာ စိုက်ခွင့်ပြုထားတာဖြစ်ပါတယ်။
ဒီကုမ္ပဏီ စီမံကိန်း စတင်ချိန်ကစပြီး သစ်တော်ဧက ၁ သောင်း ၆ ထောင်လောက် ပြုန်းတီးသွားတယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီကုမ္ပဏီဟာ အစိုးရနဲ့ သဘောတူထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်ခြင်းရှိမရှိ စစ်ဆေးသင့်ပြီး မရှိဘူးဆိုရင် အရေးယူသင့်တယ်လို့ ဒီအစီရင်ခံစာကို ပြုစုခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ စိမ်းလန်းအမိမြေအသင်းက ကိုလွင်မောင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။
ဆီအုန်းစိုက်မယ့် ဧကမှာ စိုက်ပျိုးမြေ အပြောင်ရှင်းခွင့်ပေးဖို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ကုမ္ပဏီက တင်ခဲ့ပြီး အဲဒီ့တုန်းက ပြည်ထောင်စု ၀န်ကြီးကိုယ်တိုင်ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ မြန်မာ့သစ်လုပ်ငန်း ဒုအထွေထွေ မန်နေဂျာ ဦးခင်မောင်ကြည်က ဘီဘီစီကိုပြောပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက ခွင့်ပြုခဲ့ပေမယ့် အဲဒီ့နှစ်ပိုင်းမှာ သစ်မထွက်ခဲ့ပဲ ၂၀၁၃ -၂၀၁၄ မှာတော့ သစ်တန် ဧက ၅၅၀၀ ကနေ ၆၆၇၇ ကျော်ထိ ထွက်ခဲ့ပြီး အကျိုးအမြတ် တစ်ရာ ရာခိုင်နှုန်းကိုလည်း ကုမ္ပဏီကပဲ ရခဲ့တယ်လို့ ဦးခင်မောင်ကြည်က ဆိုပါတယ်။
၂၀၁၄-၂၀၁၅ မှာတော့ ကုမ္ပဏီက ၅၀ ရာခိုင်နှုန်းခံစားခွင့်ရပြီး မြန်မာ့ သစ်လုပ်ငန်းကို ၅၀ ရာခိုင်နှုန်းပြန်အပ်ခဲ့ရတာဖြစ်ပါတယ်။
ဒီဆီအုန်းစီမံကိန်းတွေထဲမှာ ပါတဲ့ မြေတစ်ချို့ဟာ စစ်ဖြစ်လို့ ထွက်ပြေးခဲ့ရတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာတွေကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ဒီအစီရင်ခံစာမှာ ပါရှိပါတယ်။
ဒါပေမယ့် တိုင်းရင်းသားတွေကို နစ်နာကြေး၊ မြေယာလျော်ကြေး မပေးခဲ့သလို သစ်ထုတ်လုပ်မှုကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုလည်း ရှိတယ်လို့ ကိုလွင်မောင်မောင်ဆွေက ပြောပါတယ်။
လက်ရှိအစိုးရလက်ထက်မှာတော့ စိုက်ပျိုးမြေအပြောင်ရှင်းတာတွေ ခွင့်ပြုမှာမဟုတ်ဘူးလို့ မြန်မာ့သစ်လုပ်ငန်းဘက်က တုန့်ပြန်ပါတယ်။
ဒါပေမယ့် အရင်အစိုးရလက်ထက်က လုပ်ခဲ့တဲ့စီမံကိန်းတွေအတွင်း နစ်နာခဲ့ရတဲ့ ဒေသခံတွေနဲ့ သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုတွေကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ နည်းလမ်းတွေသုံးပြီး ဖြေရှင်းဖို့ လိုတယ်လို့ အစီရင်ခံစာထုတ်ပြန်သူတွေက အကြံပြုကြပါတယ်။
ဆီအုန်းနောက်ကွယ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်ဆန်းကနေ ၂၀၁၈ မတ်လအထိ စိမ်းလန်းအမိမြေအသင်း၊ တောင်ပိုင်းလူငယ်အသင်း၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်အပါအ၀င် အဖွဲ့အစည်း ခြောက်ခုက စုပေါင်းသုတေသနပြုလုပ်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။