ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တနင်္သာရီ စီမံကိန်း ၄ ခု ယာယီရပ်ဆိုင်း
ဒေသခံ လူထုကန့်ကွက်နေပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဦးပိုင်နဲ့ ထူးကုမ္ပဏီပိုင် ရေနံချက်စက်ရုံ စီမံကိန်းအပါဝင် စီမံကိန်း ၄ ခုကို ယာယီရပ်ဆိုင်းဖို့ တနင်္သာရီတိုင်း အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက် အကောင်ထည် ဖော်ဖို့ ရှိနေတဲ့ စီမံကိန်းတွေကို ယာယီ ရပ်ဆိုင်းဖို့ တနင်္သာရီ အစိုးရက ညွှန်ကြားလိုက်တာပါ။
အဲဒီ စီမံကိန်းတွေကတော့ ထိုင်းမြန်မာနယ်စပ် ထီးခီးမှာ ဖွင့်ထားတဲ့ ကာစီနို ပါဝင်တဲ့ ဟိုတယ်လုပ်ငန်း ၊ လောင်းလုံမြို့နယ်က ရေနံချက်စက်ရုံတရုံ ၊ သတ္တုတွင်း လုပ်ငန်းနဲ့ ဆီအုန်း စိုက်ပျိုးရေး လုပ်ငန်းတွေ ပါဝင်ပါတယ်။
ရေနံချက်စက်ရုံ စီမံကိန်းဟာ ၂ဝ၁၁ လောက် ကတည်းက စတင်ဖို့ ပြင်ဆင်နေခဲ့တဲ့ စီမံကိန်းလည်း ဖြစ်သလို ဒေသခံကျေးရွာတွေ ပြောင်းရွှေ့ပေးရမှာ ဖြစ်တာကြောင့် ဆန္ဒပြပွဲတွေ မကြာခဏ ဖြစ်နေတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။
ယာယီပိတ်ပင်ခံရတဲ့ သတ္တုတွင်း လုပ်ငန်းဟာ ထားဝယ် မြို့နယ်က ဟိန္ဒား သတ္တုတွင်း လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတဲ့ ထိုင်းကုမ္ပဏီ မြန်မာပွန်ပီပက် ပိုင်လုပ်ငန်း ဖြစ်ပါတယ်။
သတ္တုတွင်းက ထွက်တဲ့ စွန့်ပစ်ရေတွေက ဒေသခံတွေ သုံးတဲ့ ရေအရင်းအမြစ်နဲ့ ပတ်ဝန်းကျင် ပျက်စီးတာတွေ ရှိနေတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေတဲ့ လုပ်ငန်း ဖြစ်တယ်လို့ ထားဝယ် ဒေသခံတွေက ပြောပါတယ်။
အဲဒီစီမံကိန်းတော့ တစိတ်တပိုင်းပဲ ပိတ်ခိုင်းထားတာလို့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်က ပြောပါတယ်။
ထိုင်းမြန်မာ နယ်စပ်က အပိတ်ခံရတဲ့ ဟိုတယ် လုပ်ငန်းကလည်း ပွန်ပီပက်ကုမ္ပဏီပဲ ပိုင်ဆိုင်တာဖြစ်ပြီး ဒေသတွင်းက ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ကလည်း ကန့်ကွက် နေတာပါ။
အပိတ်ခံရတဲ့ ထိုင်းကုမ္ပဏီပိုင် ဆီအုန်းလုပ်ငန်း ကတော့ အမှန်တကယ် မြေစိုက်ပျိုးခြင်း ရှိတာကြောင့်လို့လည်း တနင်္သာရီ အစိုးရဘက်က ဆိုပါတယ်။
ထားဝယ်အခြေစိုက် ထားဝယ်ဝေါ့ချ် သတင်းဌာနက အယ်ဒီတာ ကိုရဲထွဋ်ဝင်းကတော့ လူထုအတွက် အကျိုးမရှိတဲ့ စီမံကိန်းအချို့ကို ယာယီရပ်ဆိုင်းတာ ကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ပြောပါတယ်။
အခုပိတ်ပင်ခံရတဲ့ လုပ်ငန်းတွေဟာ ထားဝယ်ဒေသမှာ အဓိက စီမံကိန်းအဖြစ် ရည်ရွယ်ထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုံနဲ့ တိုက်ရိုက်ပတ်သက်တဲ့ လုပ်ငန်းတွေတော့ မဟုတ်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။