ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဩစတြေးလျရောက် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြ
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ ကျင်းပနေတဲ့ အာဆီယံ ဩစတြေးလျ အထူး ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေ ဩစတြေးလျကို ရောက်ရှိလာပါ တယ်။
မတ် ၁၇ -၁၈ ရက်တွေမှာ ကျင်းပမယ့် အာဆီယံ ဩစတြေးလျ အထူးထိပ်သီး အစည်းအဝေးကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားက ခေါင်းဆောင်တွေကို ဩစတြေးလျမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်တာတွေ ရပ်တန့်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ပေးအပ်ထားတဲ့ နိုဗယ်ဆု ပြန်ရုတ်သိမ်းဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဩစတြေးလျမှာ ရှိနေတဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူနဲ့ ရိုဟင်ဂျာတွေက ဆန္ဒပြ ခဲ့တာ ဖြစ်ပါတယ်။
အရင်တခေါက် ဩစတြေးလျကို ဒေါ်အောင်ဆန်းစုကြည် လာတုန်းက သူ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းကို အားလုံးက နားလည်ပေမယ့် ဒီတခေါက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကတော့ အဝေဖန်ခံရတဲ့ ခရီးလို့ ဩစတြေးလျမှာ နေထိုင်နေတဲ့ မြန်မာ့ အရေး လှုပ်ရှားသူ ဒေါက်တာ မြင့်ချိုက သုံးသပ်ပါတယ်။
ဒါပေမယ့် ဩစတြေးလျရောက်မြန်မာတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ထောက်ခံနေတယ်လို့ သူက ပြောပါတယ်။
မတ် ၁၉ ရက်နေ့မှာတော့ ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဩစတြေးလျရောက် မြန်မာတွေ တွေ့ဆုံဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ ဩစတြေးလျ ရှေ့နေ Ron Merkel QC အပါအဝင် ရှေ့နေအဖွဲ့တဖွဲ့က လူသားဖြစ်တည်မှု အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံရဲ့ အကြီးအကဲ ဖြစ်တာကြောင့် ဖမ်းဆီး တရားစွဲတာကနေ ကင်း လွှတ်ခွင့် ရှိတာကြောင့် တရားစွဲလို့ မရဘူးဆိုပြီး ဩစတြေးလျ ရှေ့နေချုပ်က အကြောင်းပြန်တယ်လို့ ဗြိတိန် ဂါးဒီးယန်း သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံ အထူး ထိပ်သီး အစည်းအဝေးမှာ ဩစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်က ဒေသတွင်းမှာ အမြဲသတိရှိရှိနဲ့ အိမ်နီးချင်း နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ပြီး အကြမ်းဖက် ဝါဒ တိုက်ဖျက်ဖို့ ထောက်လှမ်းရေး သတင်းအချက် အလက်တွေလည်း ဝေမျှကြဖို့ ပြောဆိုပါတယ်။