ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၁၇ ခုနှစ်မှာ အရင်နှစ်ထက်မုဒိမ်းမှု ပိုဖြစ်
၂၀၁၇ ခုနှစ်အတွင်း အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားနှုန်းက ၂၀၁၆ ခုနှစ်ထက် ၂၂၆ မှု များလာသလို သက်ကြီးမုဒိမ်းမှု ကလည်း ၇၉ မှု တိုးလာတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မုဒိမ်းမှု အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
မုဒိမ်းမှုတွေ ဖြစ်ပွားရတဲ့အကြောင်းတွေမှာ လူမှုစီးပွားရေးစတဲ့ ဝင်ငွေရတဲ့ အလုပ်အကိုင် မရှိတာရယ်၊ နေထိုင်ရေးကျပ်တည်းမှုတွေက ပြစ်မှုဖြစ်ပွားစေတဲ့ အကြောင်းရပ်တွေလို့ အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွေကို ကူညီဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် ကျုးလွန်သူကို တရားဥပဒေအရ ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်နိုင်မှု မရှိတာတွေက အဓိက အကြောင်းရပ်တွေဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုများလာရတာ ကလေးတွေရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ စိတ်ပိုင်းဆိုင်ရာက လူကြီးတွေထက် ချဉ်းကပ်ရတာ ပိုလွယ်ကူ လို့ ပစ်မှတ်ထား လာတာကြောင့် အထူးကာကွယ်ဖို့ လိုအပ်သလို အမျိုးသားတွေကပါ ကာကွယ် ပေးဖို့ လိုတယ်လို့ သက်ငယ်မုဒိမ်းမှုနဲ့ အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ Legal Clinicရဲ့တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။
အမျိုးသမီးတွေကို တရားဥပဒေအရ အကာအကွယ်ပေးနိုင်တဲ့ ထိရောက်တဲ့ ဥပဒေတွေ အမြန်ဆုံး ထွက်ပေါ်မှသာ မုဒိမ်းမှုတွေ လျော့ကျ သွားနိုင်မယ်လို့ အမျိုးသားလွှတ်တော်ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ပြောပါတယ်။
သက်ငယ် မုဒိမ်းမှုကျုးလွန်သူတွေကို သေဒဏ်ချမှတ်ပေးဖို့ တောင်းဆိုနေတဲ့ လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။
ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေကို တရားဥပဒေအရ ထိရောက်စွာ ပြစ်ဒဏ်ပေးနိုင်ဖို့ အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ဥပဒေတရပ် ရေးဆွဲ နေတာကို အစိုးရအဖွဲ့ထံ ပေးပို့တော့မယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။