လူသေလောင်း ရာနဲ့ချီတဲ့ ကျင်းတွေ တွေ့တယ်ဆိုတဲ့ သတင်းကို စိစစ်မယ်

ဂူတာပြင်
ဓာတ်ပုံ ပုံစာ, ဂူတာပြင် မီးလောင်ခဲ့တာကို ပြနေတဲ့ ဂြိုဟ်တုဓာတ်ပုံ

ရခိုင်ပြည်နယ်ထဲမှာ လူသေတွေ အများအပြား မြှုပ်နှံ ထားရာ ကျင်းတွေ ထပ်တွေ့ လာရပြန်တယ် ဆိုတဲ့ သတင်းတွေ မှန်ကန်မှု ရှိလား ဆိုတာ ဆန်းစစ် သွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာမှာ လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရကြောင်း သက်သေ အထောက်အထားတွေ ရရှိထားတယ် ဆိုပြီး အေပီ သတင်းဌာနက ပြောလာ ခဲ့တဲ့နောက် ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူးက ဦးတင်မောင်ဆွေက အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။

သတင်းမှန်လား ဆိုတာ အရင် စိစစ်နိုင်ဖို့ ဒေသန္တရ အာဏာပိုင်တွေ လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကိုးတန်ကောက် ရွာ မီးလောင် ပျက်စီး မှု ကို ၂၀၁၇ ခုနှစ် က တွေ့ရစဉ်

ဂူတာပြင်မှာ လူ တွေ ရာချီ သတ်ဖြတ် ခံထားရတယ် ဆိုတဲ့ အချက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး လာခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ပြောဆိုချက်တွေ၊ တခါ ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေနဲ့ ကိုက်ညီမှု ရှိတယ်လို့ အေပီ သတင်းဌာနက ပြောပါတယ်။

ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြတဲ့ ဂူတာပြင် ရုပ်အလောင်းတွေဟာ အက်စစ်နဲ့ ပက်ပြီး ဖျောက်ဖျက်ဖို့ စီစဉ် ခဲ့တာ ဖြစ်တယ်လို့လည်း အေပီက ပြောတဲ့ အထဲ ပါဝင်ပါတယ်။

လူ ၆ သိန်းကျော် ထွက်ပြေးခဲ့ရ
ဓာတ်ပုံ ပုံစာ, လူ ၆ သိန်းကျော် ထွက်ပြေးခဲ့ရ

၂ဝ၁၇ ခုနှစ် ဩဂုတ် လ အတွင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန် ဆောင်ရွက်ခဲ့တဲ့ စစ်ရေး ဆောင်ရွက်ချက်တွေကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာ အယောက် ၄ဝဝ ဝန်းကျင် အထိ သေဆုံး ခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေ ရှိနေပါတယ်။

အခု လပိုင်းတွေ အတွင်းကလည်း အင်းဒိုင်ကျေးရွာမှာ ရိုဟင်ဂျာ အလောင်း ၁ဝ လောင်းတွေ့ ရှိခဲ့ရတဲ့နောက်၊ ဒီသတ်ဖြတ်မှုထဲ အစိုးရ စစ်သားတွေ ပါဝင်ပတ်သက်မှု ရှိကြောင်း တပ်မတော်ဘက်က ပထမဆုံး အကြိမ် အသိအမှတ်ပြု ပြောဆို ခဲ့သလို ကျူးလွန်သူတွေကို အရေးယူမယ်လို့ ဆိုထားပါတယ်။

အခုလို ရာနဲ့ချီတဲ့ လူသေကျင်းကြီးတွေ တွေ့လာရပြန်တယ် ဆိုတဲ့ သတင်းအပေါ် အသေအချာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုတယ် ဆိုပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေကို လေ့လာဖို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီးက တိုက်တွန်း လိုက်ပါတယ်။

ဗီဒီယို ပုံစာ, ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်