ရုရှား ကာကွယ်ရေး ဝန်ကြီး နေပြည်တော်ရောက်

russia

ဓာတ်ပုံ ရင်းမြစ်, Ministry of Defence of the Russian Federation

ဓာတ်ပုံ ပုံစာ, တပ်မတော်တွေ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို ချုပ်ဆို

ရုရှား ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေ ရွှိုင်ဂူး နေပြည်တော်ကို ရောက်ရှိလာပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်မှာ နှစ်နိုင်ငံ တပ်မတော်တွေ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သလို နည်းပညာ ဖလှယ်ရေးနဲ့ လေ့ကျင့်ရေးတွေ ဆွေးနွေးခဲ့တယ်လို့လည်း မြန်မာ စစ်ဘက်က ထုတ်ပြန်ပါတယ်။

ဒီစာချုပ်အရ နှစ်နိုင်ငံ တပ်မတော်တွေရဲ့ စစ်သင်္ဘောတွေ အပြန်အလှန် သွားလာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

russia

ဓာတ်ပုံ ရင်းမြစ်, YURI KOCHETKOV

ဓာတ်ပုံ ပုံစာ, အကြမ်းဖက်သမားတွေ သုံးတယ်ဆိုတဲ့ ဒရုန်းယာဉ်

ဆီးရီးယား မှာ အကြမ်းဖက်သမားတွေက ဒရုန်းယာဉ် တွေကနေ တိုက်ခိုက် တာတွေကို ခုခံ ကာကွယ်နည်း တွေကိုလည်း မြန်မာနဲ့ ဖလှယ်လိုကြောင်း ပြောကြားခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ဝက်ဆိုက် စာမျက်နှာမှာ ရေးသား ထားပါတယ်။

ရခိုင် တိုက်ခိုက်မှုတွေ အတွင်း မြန်မာ အစိုးရနဲ့ တပ်မတော်ရဲ့ ဖြေရှင်း ဆောင်ရွက်မှုတွေ အပေါ် ရုရှရဲ့ ထောက်ခံပေးမှု အတွက် ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ခဲ့ပါတယ်။

ရခိုင် မြောက်ပိုင်း ပြဿနာတွေ အတွက် အနောက် နိုင်ငံ တွေနဲ့ မြန်မာ့ တပ်မတော် အလှမ်းကွာနေချိန်မှာ ရုရှား ကာကွယ်ရေး ဝန်ကြီး လာတာ ဖြစ်ပါတယ်။

တပ်မတော် အနေနဲ့ နည်းပညာ မြှင့်တင်မှု အမြဲ လုပ်ဖို့ လိုအပ်လို့ အကူအညီပေးနိုင်တဲ့ ဘက်က ရယူရမှာ ဖြစ်တယ်လို့ ရုရှားမှာ စစ်သံမှူး တာဝန်ထမ်းခဲ့ဖူးတဲ့ ကော့ကရိတ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ပြောပါတယ်။

russia

ဓာတ်ပုံ ရင်းမြစ်, Ministry of Defence of the Russian Federation

ဓာတ်ပုံ ပုံစာ, ရုရှား ကာကွယ်ရေး ဝန်ကြီးက ပန်းခွေချ

၂ဝဝ၅ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရ လက်ထက်မှာ နှစ်နိုင်ငံ တပ်မတော် ဆက်ဆံရေးတွေ ပိုများလာပြီး စစ်ဘက် အရပ်ဘက် ပညာသင်တွေ ရုရှားကို မြန်မာက စေလွှတ်တာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီပညာသင်တွေကို အဏုမြူ စစ်ဘက် နည်းပညာတွေ သင်ကြားပေး တာတော့ မရှိဘဲ စီးပွားရေးသုံး နည်းပညာ လောက်ကိုသာ သင်ကြားပေးကြောင်းလည်း ဗိုလ်မှူးချုပ်ဟောင်း ဦးစိုးဌေးက ဆိုပါတယ် ။

ရုရှား ကာကွယ်ရေး ဝန်ကြီးဟာ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေကို ခရီးဆက်ဖို့ ရှိပါတယ်။