မြန်မာစစ်တပ် ရိုဟင်ဂျာတွေကို လူမျိုး ရှင်းလင်းရေးလုပ်လို့ ကန်ဆို

rohingya

ဓာတ်ပုံ ရင်းမြစ်, FRED DUFOUR

ဓာတ်ပုံ ပုံစာ, မြန်မာပြည်က ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ

မြန်မာ စစ်တပ်ဟာ လူနည်းစု ရိုဟင်ဂျာတွေ အပေါ်မှာ လူမျိုး ရှင်းလင်းရေး တွေနဲ့ ပတ်သက် ပါဝင်မှုတွေ ရှိခဲ့တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆင်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

မြန်မာ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် ပြုမူပုံဟာ လူမျိုးရှင်းလင်းရေး လုပ်ရာ မြောက်တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စမှာ တာဝန်ရှိသူတွေကို လူပုဂ္ဂိုလ်အရ ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့လည်း မစ္စတာ တေလာဆင်က ပြောကြား ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် ကျူးလွန် သတ်ဖြတ်မှုတွေ ရှိခဲ့တယ် လို့လည်း အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ချက်မှာ သူက ပြောဆိုခဲ့ပါတယ်။

မစ္စတာ တေလာဆင်ဟာ မြန်မာနိုင်ငံက မကြာခင်ကမှ ပြန်လာတာ ဖြစ်ပြီး လူမျိုးရေး ရှင်းလင်းမှုတွေ လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို သက်သေထူဖို့ လုံလောက်တဲ့ အချက်အလက်တွေ ရဖို့ လိုတယ်လို့ အဲဒီတုန်းက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဇာယိ ရက်ဒ် အယ်လ်ဟူစိန်က မြန်မာပြည်မှာ လူမျိုး သန့်စင်မှုတွေ လုပ်နေတယ် ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

ဗီဒီယို ပုံစာ, မစ္စတာ တေလာဆင် သတင်းစာရှင်းလင်းပွဲ
bur

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာ ဒုက္ခသည် စခန်းက မြင်ကွင်း

အမေရိကန် အထက် လွှတ်တော် အမတ် ဂျက်ဖ် မာကလီ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဒီတပတ် ထဲကမှ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ခြောက်သိန်းလောက် ရှိတဲ့ မြန်မာပြည်က ရိုဟင်ဂျာတွေ နေတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း သူတို့သွားပြီး တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဒုက္ခသည်တွေ မတရားပြုကျင့်ခံရတာ အပါအဝင် သူတို့ မိသားစုတွေ သတ်ဖြတ်ခံရတဲ့ အကြောင်းတွေကို ကြားခဲ့ရတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ပြောပါတယ်။

suu

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံရောက် တေလာဆင်နဲ့ ဒေါ်အောင်ဆန်းစုကြည်

အခု မြန်မာနိုင်ငံကို ကက်သလစ် ပုပ်ရဟန်းမင်းကြီး မလာခင် ရက်ပိုင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက် ထွက်လာခဲ့တာပါ။

ပုပ်ရဟန်းမင်းရဲ့ ခရီးစဉ် အတွင်း တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ တွေ့ဖို့ ရှိတယ်လို့ ဗာတီကန် နန်းတော်က ထုတ်ပြန်ပါတယ်။