မြန်မာကို ပိတ်ဆို့မှု မလုပ်သေးဘူးလို့ တေလာဆင်ပြော

ဓာတ်ပုံ ရင်းမြစ်, AUNG HTET
အမေရိကန်အစိုးရ အနေနဲ့ လောလောဆယ်မှာ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့မရှိသေးဘူးဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းပွဲမှာ ပြောလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟာ သူရဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ နေ့ချင်းပြန်ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ်တို့ နဲ့ သီးခြားစီ တွေ့ခဲ့ပါတယ်။
ရခိုင်ပြည် မြောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ ကွန်ဂရက်က ပြောဆိုတာတွေ ရှိနေပေမယ့် အမေရိကန်အစိုးရကတော့ ဒီအဆိုပြုချက်တွေကို လောလောဆယ်မှာ လက်ခံ ဆောင်ရွက်ဖို့ မရှိသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့ပေးဖို့ပဲ လာတာ ဖြစ်ပြီး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဆွေးနွေးတာမျိုးတောင် မရှိသေးဘူးဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် ပြောပါတယ်။
အားလုံးကို ခြုံငုံပြီး လုပ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ တကယ်တမ်းမှာ အလုပ်မဖြစ်ပါဘူး။ တကယ်လို့ လုပ်မယ် ဆိုရင်တောင် တဦးတယောက်ကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လောက်ပဲ သင့်တော်နိုင်ပါတယ်။ ဒါကလည်း ဆွေးနွေး နေတဲ့ အဆင့်မှာတောင် မရှိပါဘူး လို့ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ပြောသွားပါတယ်။
'ဒါပေမဲ့ အမေရိကန် အစိုးရအနေနဲ့ ရခိုင်ပြည်မြောက်ပိုင်းက ဖြစ်ရပ်တွေအပေါ် များစွာ စိုးရိမ်ပူပန်မှု ရှိပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိုက်တွန်းခဲ့တယ်'လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR MILITARY NEWS HANDOUT
မြန်မာအစိုးရ အနေနဲ့ လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့ စုံစမ်း စစ်ဆေးမှုတွေ ထိထိရောက်ရောက် လုပ်ဖို့လိုပါတယ်။ တပ်မတော် ကလည်း ဒါကို ပူးပေါင်း ဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေကို အမေရိကန် ပြည်ထောင်စုက ထဲထဲဝင်ဝင် ကူညီပေးမှာပါလို့ ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲ အပြီး မီဒီယာတွေနဲ့ တွေ့စဉ်မှာတော့ ရခိုင်မြောက်ပိုင်းနဲ့ တပ်မတော်ရဲ့ စုံစမ်းချက် အစီရင်ခံစာကို အသိအမှတ် ပြုပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်တွေပါတဲ့ ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှု တွေ ထပ်လုပ်ပေးဖို့ လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။
အမေရိကန် အစိုးရအနေနဲ့ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ပံ့မှု အဖြစ် အမေရိကန်ဒေါ်လာ ၄၇ သန်း ထပ်လောင်း အကူအညီ ပေးမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အမေရိကန်အစိုးရရဲ့ လူသားချင်း စာနာမှု ကူညီငွေ ၈၇ သန်းကျော် ပေးခဲ့ပြီး၂၀၁၅ ကတည်းကဆိုရင်တော့ တတိုင်းပြည်လုံးအနေနဲ့ ကူညီငွေ ၁၅၁ သန်းပေးထားပြီးပြီလို့ ရှိနေပြီ ဖြစ်တယ်လို့ သတင်းစာ ရှင်းပွဲမှာ ပြောပါတယ်။
သတင်းစာ ရှင်းလင်းပွဲအပြီး လုပ်တဲ့ မီဒီယာတွေ တွေ့ဆုံပွဲမှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာခေါင်းဆောင်(၂)ဦးနဲ့ တွေ့ဆုံစဉ် ပိတ်ဆို့မှု ထက် ဖွံဖြိုးရေး လုပ်ငန်းနဲ့ အကူအညီ ကိစ္စတွေကိုပဲ အဓိကထားပြောခဲ့ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။








