အာဆမ်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အာရှနဲ့ ဥရောပ နိုင်ငံပေါင်း ၅၁ နိုင်ငံတက်ရောက်တဲ့ ၁၃ ကြိမ်မြောက် အာဆမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ်လက်ခံပြီး နိုဝင်္ဘာ ၂၀ ရက်နဲ့ နိုဝင်္ဘာ ၂၁ ရက်နေ့တွေမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
ဒုတိယနေ့ အာဆမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သတင်းစာဆရာတွေက ဒေါ်အောင်ဆန်းစုကြည် ကို မေးမြန်းခဲ့ကြပါတယ်။
ပထမဆုံးအနေနဲ့ သတင်းစာဆရာတယောက်က ဒီနေ့ အာဆမ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဘာတွေများဆွေးနွေးခဲ့ကြပါသလဲလို့ အားလုံးကို မေးချင်ပါတယ်လို့ ပြောရာမှာ အားလုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားခဲ့ပါတယ်။
မနက်ပိုင်းမှာ ဥရောပနိုင်ငံတွေရော အာရှနိုင်ငံတွေပါ အလွတ်သဘော ဆွေးနွေးပွဲ တခုပြုလုပ်ခဲ့ပြီး အခုလက်ရှိ ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ အဲသလို ဆွေးနွေးခဲ့ရာမှာ အမြင်အမျိုးမျိုး တင်ပြခဲ့ကြပေမယ့် ရေရှည်မှာ ကိုဖီအန်နန် အစီရင်ခံစာပါအကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး၊ အဲဒီနောက် ဒုတိယအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူညီချက် အမ်အိုယူ အမြန်ရေးထိုးနိုင်အောင် ညှိနှိုင်းပြီး ထွက်ပြေးသွားကြသူတွေကို ပြန်ခေါ်ယူရေးတွေ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တတိယအနေနဲ့ ရေရှည်တည်တံ့ခိုင်မာမယ့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်လို့ ဒေါ်အောင်းဆန်းစုကြည်က ပြောပါတယ်။
အဲဒီနောက်မှာတော့ ဘင်္ဂလားဒေ့ရှ် သတင်းထောက်က မြန်မာအနေနဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ်လို့တော့ ပြောနေပေမယ့် ဘယ်တော့ ပြန်ခေါ်မှာလဲ၊ ဘယ်လိုပြန်ခေါ်မှာလဲလို့ မေးပါတယ်။ နောက်တခါ နိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်မယ်လို့ ပြောတော့ အကြမ်းဖက်သမားကဖြစ်စေ၊ မြန်မာစစ်တပ်ကဖြစ်စေ အိမ်တွေကို မီးရှို့လိုက်လို့ ထွက်ပြေးလာတဲ့လူတွေက ဘယ်လိုလုပ်ပြီး စာရွက်စာတမ်းအထောက်အထားပြနိုင်မှာလဲ။ အဲဒါတွေကို ဘယ်လိုဆောင်ရွက်မလဲလို့ မေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က "ဒီပြဿနာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ပါ သက်ဆိုင်တဲ့ ပြဿနာဖြစ်တဲ့အတွက် မနက်ဖြန်နဲ့ သန်ဘက်ခါနှစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ဆွေးနွေးပြီး နှစ်နိုင်ငံ သဘောတူညီချက် အမ်အိုယူကို မြန်မြန်ဆန်ဆန် ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အဲဒီနောက်မှာတော့ မိမိဆန္ဒအလျောက် ပြန်လာချင်တဲ့ သူတွေကို ပြန်လည် ခေါ်ယူရေးလုပ်ငန်းစဉ်စတင်ပါမယ်လို့" ပြောပါတယ်။ "နိုင်ငံသား ဟုတ်မဟုတ် စီစစ်ရေး လုပ်ငန်းစဉ်ကိုတော့ ၁၉၉၂ ခု ၉၃ ခုနှစ်တွေတုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ သဘောတူထားတဲ့ အခြေခံအတိုင်း စီစစ် သွားမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ပြန်လာမယ့်လူတွေ အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေတရပ်ဖန်တီးရေးနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ထပ်မံ မပေါ်ပေါက်အောင် ဆောင်ရွက်ရေးဟာ အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ရက်ကြာတဲ့ ဒီဆွေးနွေးပွဲမှာတော့ လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှုပြဿနာတွေ အပြင် အာရှနဲ့ ဥရောပအကြား ရေရှည် ဆက်သွယ်ဆောင်ရွက်ရေးတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။





