ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုက်ပွဲဖြစ်နေတဲ့ ကချင်ဒေသကို ဗြိတိန်သံအမတ်ရောက်
ကချင်ဒေသခံ ပြည်သူတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ကောင်းမွန်တဲ့ ရလဒ်တွေကို မျှော်လင့်နေဆဲ ဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးနဲ့ နိုင်ငံဆွေးနွေးပွဲတွေ အောင်မြင်ဖို့ ဗြိတိန်လို နိုင်ငံကြီး တနိုင်ငံ အနေနဲ့ တွန်းအားပေးဆောင်ရွက်ပေးဖို့ ဗြိတိသျှသံအမတ် အင်ဒရူးပက်ထရစ်ကို ကေအိုင်အို တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် အင်ဒရူးပက်ထရစ်က လတ်တလော ပဋိပက္ခဖြစ်နေတဲ့ ကချင်ပြည်နယ်ဘက်ကိုဇန်နဝါရီလ ၉ ရက် ဒီနေ့ မနက်ပိုင်း မှာ သွားရောက်ခဲ့တာပါ။
အဲဒီ ခရီးစဉ်အတွင်းမှာ မြစ်ကြီးနားမြို့မှာရှိတဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးမှာ ကေအိုင်အိုနည်းစနစ် အကြံပေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ကေအိုင်အိုဘက်က ငြိမ်းချမ်းရေး အတွက် ကူညီဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်လို့ ကေအိုင်အို နည်းစနစ်အကြံပေးအဖွဲ့က ဦးဒေါင်ခါရ်းက ဘီဘီစီကို ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေထွက်လာဖို့ အန်အယ်လ်ဒီ အရပ်သားအစိုးရအနေနဲ့လည်း လူထုအားနဲ့ ကြိုးပမ်းသင့်တယ်လို့ ကေအိုင်အိုဘက်က ဗြိတိန်သံအမတ်နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ် ဆိုပါတယ်။
လတ်တလော စစ်ရေးတင်းမာမှုတွေနဲ့ တိုက်ခိုက်မှုအခြေအနေတွေ ကို ကေအိုင်အိုဘက်က ရှင်းပြခဲ့သလို ဗြိတိန်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကူညီနေတဲ့အကြောင်း ဗြိတိန် သံအမတ်ကြီး ပြန်လည် ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ကေအိုင်အို တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဗြိတိသျှသံအမတ် အင်ဒရူးပက်ထရစ်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ လူသားချင်း စာနာထောက်မှုဆိုင်ရာ အခြေအနေနဲ့ ငြိမ်းချမ်းရေးအလားအလာကို သိရှိနားလည်စေဖို့ ရည်ရွယ်တာလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ကချင်ပြည်နယ်အတွင်းမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာနေခဲ့ပြီး စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။