တိုက်ပွဲပြင်းထန်နေတုန်း ကေအိုင်အို ခေါင်းဆောင်လွှဲအပ်ပွဲကျင်းပ

စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတုန်း ကေအိုင်အို ခေါင်းဆောင်လွှဲအပ်ပွဲကျင်းပ

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဥက္ကဌ ရာထူး လွဲပြောင်းမှုအခမ်းအနားကို ဌာနချုပ်လိုင်ဇာမှာ ဇန်နဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဥက္ကဌ တာဝန်ထမ်းဆောင်နေတဲ့ ဦးဇောင်းဟရားနေရာမှာ လက်ရှိ ဒုတိယ ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လက တာဝန်လွှဲပြောင်းရယူခဲ့ကာ ကေအိုင်အိုရဲ့ ၆ ဦးမြောက် ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

အစိုးရတပ်မတော်နဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ လိုင်ဇာမှာ ရာထူးလွှဲပြောင်းမှု အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ရာထူးလွဲပြောင်းပေးအပ်ပွဲကြောင့် စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကတော့ စစ်ဦးစီးချုပ်ရာထူးအပြင် ဒုတိယ ဥက္ကဌ (၁) ရာထူးတာဝန်ကိုပါ ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။

ကေအိုင်အေရဲ့ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဂွန်မော်ကတော့ ကေအိုင်စီ ကချင်လွတ်မြောက်ရေး ကောင်စီရဲ့ ဒုတိယ ဥက္ကဌ ၁ နေရာမှာ တာဝန်ထမ်းဆောင်ရမှာပါ။

သမ္မတဦးသိန်းစိန်လက်ထက် အစိုးရနဲ့ ကေအိုင်အိုအကြား ဆွေးနွေးပွဲတွေမှာ ဦးဆောင်ခဲ့တဲ့ ဦးဆွမ်လွတ်ဂမ်ကတော့ ကေအိုင်စီရဲ့ ဒုတိယ ဥက္ကဌ (၂) ရာထူးကို ရယူမှာဖြစ်ပါတယ်။

ဦးဇောင်းဟရားဟာ ကျန်းမာရေးကြောင့် အနားယူလိုက်တာဖြစ်ပြီး အရင် ဒုတိယ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ဂွန်မော်ကတော့ ရာထူးကျသွားတာမျိုးမဟုတ်ပဲ သူတာဝန်ထမ်းဆောင်ရမဲ့ ကေအိုင်စီဆိုတာ အုပ်ချုပ်ရေးပိုင်းဌာနဖြစ်သလို စစ်တပ်ဖြစ်တဲ့ ကေအိုင်အေကလည်း အုပ်ချုပ်ရေးပိုင်းအောက်မှာသာ ရှိနေတယ်လို့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အခုရာထူးအပြောင်းအလဲမှာ ထိပ်ပိုင်းရာထူးကို ရယူနိုင်ခဲ့သူ နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်တို့ဟာ ၂၀ဝ၁ ခုနစ်က ဖြစ်ပွားခဲ့တဲ့ ကေအိုင်အို အဖွဲ့အတွင်း အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

အနားယူခဲ့သူ ဦးဇောင်းဟရားအနေနဲ့ ဥက္ကဌ ရာထူးမှာ ရှိနေခဲ့ပေမဲ့ ကေအိုင်အိုရဲ့ စစ်ရေးနိုင်ငံရေးလုပ်ငန်းတွေနဲ့ ကင်းကွာနေတာကြာပြီဖြစ်ပြီး အစဉ်အလာ ခေါင်းဆောင်ဖြစ်တဲ့အတွက်သာ အရေးကြီးတဲ့ အခမ်းအနားတွေမှာ ရှေ့ထွက်နေခဲ့တာလို့ အကဲခတ်တွေက ဆိုကြပါတယ်။

လက်ရှိ ကေအိုင်အို ဥက္ကဌ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရာယ်ကောင်စီမှာ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ဝ ဦးဆောင်ဖွဲ့စည်းထားတဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ FPNCC မဟာမိတ်အဖွဲ့မှာလည်း ဥက္ကဌ ၂ ရာထူး ရယူထားသူဖြစ်ပါတယ်။

NCA အပစ်ရပ်စာချုပ်နဲ့ ချဉ်းကပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လက်မခံတဲ့ မြောက်ပိုင်း FPNCC ရဲ့ ထိပ်သီးခေါင်းဆောင်တဦး ကေအိုင်အို ဥက္ကဌဖြစ်လာတဲ့အတွက် ကေအိုင်အိုအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပူးပေါင်းမှု ပိုမိုပီပြင်လာစေတယ်လို့ ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ နေထိုင်ဖူးတဲ့ စစ်ရေးနိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေသလို FPNCC မဟာမိတ်အဖွဲ့ထဲက အဖွဲ့ဝင်တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေဖြစ်နေပြီး အန်စီအေ လက်မှတ်ထိုးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရဖို့ဆိုတာက အဟန့်အတားဖြစ်နေပြီး အဲဒီကိစ္စကို ကျော်လွှားနိုင်အောင် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ကြိုးစားဖို့လိုနေတယ် စစ်ပွဲတွေကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်ဘက်က ကြားဝင်ကူညီနေတယ်ဆိုပေမဲ့ ကိုယ့်ပြဿနာကိုယ်မရှင်းနိုင်ပဲ ကြားလူဝင်ဖြေရှင်းပေးနေတာဟာ ရေရှည် နိုင်ငံအကျိုးစီးပွားအတွက် မကောင်းတဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

အန်စီအေမထိုးသေးတဲ့အဖွဲ့တွေကို အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ အစိုးရနဲ့ စစ်တပ်ဘက်က တိုက်တွန်းနေပေမဲ့ အန်စီအေ ထိုးထားတဲ့ အဖွဲ့တွေနဲ့တောင် စာချုပ်ပါအချက်အလက်တွေကို အကောင်ထည်ဖော်မှု သိပ်မလုပ်နိုင်တဲ့အပေါ် အပစ်ရပ်အဖွဲ့တွေဘက်ကလည်း ထောက်ပြမှုတွေ ရှိနေပါတယ်။