ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
"NCA လမ်းကြောင်း မထိရောက်တော့" KNLA ဆို
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းဟာ ထိရောက်မှု မရှိတော့တဲ့ အတွက် မကြာခင် ပြုလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ဆွေးနွေးပွဲကို ဆိုင်းငံ့ထားစေချင်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ကထုတ်ဖော်ပြောဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဟာ ကရင်အမျိုးသား အစည်းအရုံး KNUရဲ့ စစ်ရေးအဖွဲ့ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ အရေးပေါ်အစည်းအဝေးမှာ KNLA စစ်ဘက်ဆိုင်ရာ အရာရှိတွေက NCA လမ်းကြောင်းနဲ့ မြန်မာ့တပ်မတော်ရဲ့ ဦးတည်ချက်နဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ပြီးနောက် အခုလို ဆုံးဖြတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။
NCA လမ်းကြောင်းဟာ မထိရောက်တော့ဘူးလို့ ဘာ့ကြောင့်ယူဆသလဲဆိုတော့ KNLA အနေနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေးဆွေးနွေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ မျှော်လင့်ထားကြောင်း အဲဒီနောက်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့လိုလားကြောင်း၊ ဒါပေမယ့် အဲသလို ဆောင်ရွက်ဖို့ မြန်မာအစိုးရတပ်မတော်ဘက်က လိုလားပုံမရတဲ့အတွက် NCA လမ်းကြောင်းဟာ မထိရောက်တော့ဘူးလို့ သူတို့အနေနဲ့ ယူဆတာဖြစ်ကြောင်း KNLA ရဲ့ တွဲဘက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် ရှာထုဝေါ်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်တဲ့နေရာမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ဖို့၊ အဲသလို စွန့်လွှတ်ပြီးရင် နိုင်ငံရေးပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့၊ တိုင်းရင်းသား တပ်မတော်သားတွေအနေနဲ့ သာမန်အရပ်သားဘဝနဲ့ နေထိုင်သွားဖို့ ပြောဆိုချက်ကို KNLA အနေနဲ့ လက်မခံနိုင်ဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လက မြန်မာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံးခေါင်းဆောင်တွေ နေပြည်တော်မှာတွေ့ဆုံစဉ်မှာ တပ်မတော်ဘက်က အဲသလိုပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
KNLA အနေနဲ့ ငြိမ်းချမ်းရေးပျက်ပြားစေချင်တဲ့ ဆန္ဒမရှိပေမယ့် သူတို့မျှော်လင့်သလို NCA လမ်းကြောင်းကနေ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုရင်တော့ ထုံးစံအတိုင်း တနည်းတဖုံပြင်ဆင်ရမှာပေါ့လို့ ဗိုလ်မှူးချုပ် ရှာထုဝေါ်ကဆိုပါတယ်။
ဒီဆုံးဖြတ်ချက်တွေဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ သဘောထားဖြစ်ပြီး မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကိုဆက်လက်တင်ပြသွားမယ်လို့ ဆိုပါတယ်။
အခုဇန်နဝါရီလ ၅ ရက်သောကြာနေ့က ပြုလုပ်သွားတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ အရေးပေါ်အစည်းအဝေးမှာ KNU ကာကွယ်ရေးဌာနတာဝန်ခံ ပဒိုစောရောဂျာခင်၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ရဲ့ တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ KNPF ရဲ့တပ်မှူးတွေ စုစုပေါင်း ရာကျော်တက်ရောက်ခဲ့ကြပါတယ်။
KNU ဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့အနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပါတယ်။