ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီး ကာကွယ်ရေး ကုလအရာရှိ ဆွေးနွေး
ပဋိပက္ခအတွင်း အမျိုးသမီးတွေကို အကြမ်းဖက်မှု ကာကွယ်ရေး ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာ ပက်တန် Ms. Pramila Patten က အမျိုးသမီး အခွင့်အရေး ကာကွယ်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေးခဲ့ ပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်က တွေ့ဆုံခဲ့ရာမှာ အမျိုးသမီး အခွင့်အရေး ကာကွယ်ရေးနဲ့ ပတ်သက်လို့ ကုလ သမဂ္ဂက မြန်မာနိုင်ငံကို နည်းပညာ အကူအညီ ပေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့တယ်လို့ အစိုးရ သတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
မစ္စ ပရာမီလာ ပက်တန် နဲ့ ကိုယ်တိုင် တွေဆုံခဲ့တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကတော့ သူတို့ တွေ့ဆုံခဲ့စဉ်မှာ အမျိုးသမီးတွေ အကြမ်းဖက် ခံရမှုကနေ ကာကွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ အပြင် ရခိုင်အရေးနဲ့ ပတ်သက်လို့ လူသားချင်း စာနာအကူအညီ ထောက်ပံ့ရေး၊ ပြန်လည် နေရာ ချထားရေးနဲ့ ဖွံဖြိုးရေး စီမံကိန်း UEHRD လုပ်ဆောင် နေမှု အကြောင်း တို့ကို ပြောဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ရခိုင်ဒေသအပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်လို တိုက်ပွဲရှောင်ရတဲ့ နေရာတွေနဲ့ တခြား နေရာ တွေမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုခံရတာတွေနဲ့ ပတ်သက်လို့ ဘယ်လို ဆောင်ရွက် နေတယ် ဆိုတာလည်း မစ္စ ပရာမီလာ ပက်တန် က မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
စွပ်စွဲချက်တွေ၊ ပြန်လည်ဖြေရှင်းဖို့ ကိစ္စတွေ အတွက် သူလာတာ မဟုတ်ဘဲ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုကြောင်းနဲ့ ကုလသမဂ္ဂက ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာ အဓိက ဆွေးနွေးဖို့ လာတာလို့ မစ္စ ပရာမီလာ ပက်တန်က ပြောကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
မြန်မာနိုင်ငံကို မလာခင် ရက်ပိုင်းက ပြုလုပ်တဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာတုန်းကတော့ မစ္စ ပရာမီလာ ပက်တန်က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေမှာ သူတွေ့ခဲ့ရတဲ့ အမျိုးသမီးတိုင်း လိုလိုဟာ မတရားပြုကျင့်ခံရတာတွေ ရှိခဲ့တယ်လို့ ပြောခဲ့ပေမဲ့ တကယ်တန်း တွေ့တဲ့အခါမှာတော့ အဲဒီအကြောင်း တစုံတရာမပြောခဲ့ဘူးလို့ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။
အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ကနေ ကာကွယ်ရေး တို့မှာ မြန်မာ အစိုးရရဲ့ လုပ်ရှိ ဆောင်ရွက်ချက်တွေက လမ်းကြောင်း မှန်ပေါ် ရောက်နေတယ် ဆိုတာ မစ္စ ပရာမီလာ ပက်တန်က အသိအမှတ်ပြုကြောင်းနဲ့ ကုလသမဂ္ဂဘက်က ကူညီမယ် ဆိုရင် ပိုမို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။