လူမျိုးတုံးသတ်မှု မရှိကြောင်း ငြင်းမလား မေးခွန်းထုတ်

A generl view of the assembly, the Human Rights Council on "the human rights situation of the minority Rohingya Muslim population and other minorities in the Rakhine State of Myanmar"05 December 2017.

ဓာတ်ပုံ ရင်းမြစ်, SALVATORE DI NOLFI

ဓာတ်ပုံ ပုံစာ, အချက်အလက် စုဆောင်းနိုင်ရေးမှာ ဘက်မလိုက်ဘဲ လွတ်လပ်တဲ့ အဖွဲ့ သစ် တခု ထူထောင်ဖို့ မဟာမင်းကြီးတောင်းဆို

ရခိုင်ပြည်နယ် ကနေ မွတ်ဆလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ကို ထွက်ပြေးကြတဲ့ ကိစ္စမှာ လူမျိုးတုံး သတ်ဖြတ်မှု လက္ခဏာတွေ ရှိနေတယ်ဆိုတာ မဟုတ်ဘူးလို့ ဘယ်သူ ငြင်းနိုင်မလဲ ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဇာအိ အယ်လ် ဟူစိန်က Zeid Ra'ad Al Hussein က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး အထူး ဆွေးနွေးပွဲမှာ မဟာမင်းကြီးက ပြောဆို လိုက်တာပါ။

အိမ်တွေရော လူတွေကိုပါ မီးရှို့မှု၊ ကလေးတွေနဲ့ လူကြီးတွေကို သတ်ဖြတ်မှု ၊ အရပ်သားတွေကို လူဆိုး လူကောင်း မခွဲခြားဘဲ သတ်ဖြတ်မှု၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှု စတာ တွေ ဖြစ်ခဲ့တယ် ဆိုတဲ့ တိုင်ကြားချက် တွေကို သူက အသေးစိတ် ရှင်းပြပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ ရက်စက် ကြမ်းကြုတ်မှု တွေကို မျက်မြင် ကြုံတွေ့ ခဲ့တဲ့သူတွေဆီက သူရဲ့ ဝန်ထမ်းတွေက ကြားခဲ့ရတာလို့လည်း မစ္စတာ ဟူစိန်က ပြောပါတယ်။

ဒီအစည်း အဝေးကို တက်ရောက်လာတဲ့ မြန်မာ ကိုယ်စားလှယ် ဦးထင်လင်းကတော့ တာဝန်ရှိသူ တွေက ရိုဟင်ဂျာတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေကို ဇာအိ အယ်လ် ဟူစိန်က လိုရာဆွဲ ပြောဆိုတာ လို့လည်း ပြော ပါတယ်။

မစ္စတာ ဟူစိန်ကတော့ ကျူးလွန်သူ တွေကို ရှာဖွေရာမှာ အချက်အလက် စုဆောင်းနိုင်ရေး အတွက် ဘက်မလိုက်ဘဲ လွတ်လပ်တဲ့ အဖွဲ့ သစ် တခု ထူထောင်ပေးဖို့ အထွေထွေ ညီလာခံကို လူ့အခွင့်အရေး ကောင်စီကနေ တိုက်တွန်းဖို့ တောင်းဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို စောင့်ကြည့်တာတွေ မလုပ်ဆောင်နိုင်သေးသမျှ လုံခြုံ စိတ်ချရပြီး သိက္ခာရှိရှိ မနေနိုင်သေး သမျှ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေ ကိုယ့် နေရပ်မှာ ပြန်အခြေချဖို့ မဖြစ်နိုင်ဘူး လို့လည်း သူက ပြောပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုလို့ တော်ရုံတန်ရုံ ပြောလေ့ မရှိတဲ့ ကုလသမဂ္ဂ အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တယောက်က အခုလို ပြောဆို တာဟာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ဆောင်မှုတွေ အတွက် ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို ထင်ဟပ်စေပြီး ဒေါ်အောင်ဆန်း စုကြည် အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံကို စိတ်ပျက်လက်ပျက် ဖြစ်နေတာ ပေါ်လွင်စေတယ်လို့ ဂျီနီဗာက ဘီဘီစီ သတင်းထောက် Imogen Foulkes က သုံးသပ် ပါတယ်။