ဒေါက်တာ အေးမောင် ပါတီ ဥက္ကဋ္ဌ ရာထူး က နှုတ်ထွက်

ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဟာ ပါတီဥက္ကဋ္ဌနေရာကရော၊ ပါတီဝင် အဖြစ်ကပါ နှုတ်ထွက်လွှာကို တင်လိုက်ပြီ ဖြစ်တယ်ပါတယ်။
ဒေါက်တာ အေးမောင်ရဲ့ နှုတ် ထွက်လွှာ ကို စစ်တွေမြို့ ပါတီ ဌာနချုပ်မှာ ဒေါက်တာ အေးမောင်ကိုယ်စား သားဖြစ်သူက နိုဝင်ဘာ ၂၈ ရက်နေ့မှာ လာရောက် တင်သွားတယ်လို့ ပါတီ အတွင်းရေးမှူး (၁) ဦးသာထွန်းလှက ပြောပါတယ်။
ဒေါက်တာအေးမောင်က သူထွက်ရတာနဲ့ ပတ်သက်ပြီး ရခိုင် အမျိုးသား ANP ပါတီ အတွင်းမှာ ခေါင်းဆောင်များ အချင်းချင်းကြား ညီညွတ်မှုမရှိတဲ့ အပြင် အစည်းအဝေးမှာ ရော၊ အစည်းအဝေးပြင်ပ တွေမှာပါ ပါတီ ခေါင်းဆောင် တွေရဲ့ တပည့်တွေကနေ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခြင်း၊ လူမှု ကွန်ရက် ကနေ အုပ်စုဖွဲ့စော်ကားခြင်း၊ အထူးသဖြင့် သူ့ တစ်ယောက်တည်း ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းတွေကို ပြုလုပ်နေတဲ့အတွက် အခုလို နုတ်ထွက် လွှာတင်ရတာ ဖြစ်တယ်လို့ စာထဲမှာ ရေးထားပါတယ်။
ပါတီ ဥက္ကဋ္ဌ တစ်ယောက် နှုတ်ထွက်သွားရတာ နဲ့ ပတ်သက်လို့ ထွက်ခွင့် ပြု မပြု ဆိုတာကိုတော့ ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်သွားမယ်လို့လည်း ဦးသာထွန်းလှ က ပြောပါတယ်။
ဒေါက်တာအေးမောင်ဟာ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းက ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ်မှာ အနိုင်ရရှိ ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အတွင်း လွှတ်တော်သုံးရပ်မှာ အမတ်ဦးရေ အများဆုံး အနိုင်ရထားပေမယ့်လည်း ပါတီတွင်း အချင်းချင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ကြောင့် ပါတီထပ်ပိုင်းခေါင်းဆောင်ထဲကနေ ထုတ်ပယ်ခံရသူတွေ၊ နုတ်ထွက်သူတွေ အများအပြားရှိနေပါတယ်။




