ကျောက်မီးသွေးကလွဲ အခြားမရှိလို့ ကရင်ဝန်ကြီးချုပ်ဆို

ကျောက်မီးသွေးစီမံကိန်း ဆွေးနွေးပွဲ ,ဘားအံမြို့နယ်

ဓာတ်ပုံ ရင်းမြစ်, IPRD- Karen

ဓာတ်ပုံ ပုံစာ, ဘားအံ သုမေဓာရာမ ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမြင်ကွင်း

ဒေသခံတွေ ကန့်ကွက်နေတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ ပတ်သက်လို့ ကျေးရွာသားတွေ ၊ ကရင်ပြည်နယ် အစိုးရ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ ပါတဲ့ ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ နိုဝင်ဘာလ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။

ဒေသဖွံ့ဖြိုးမှုအတွက် လျှပ်စစ်ဓာတ်အားက အရေးပါတာကြောင့် ကျောက်မီးသွေးစီမံကိန်းကို အကောင်ထည် ဖော်ဖို့ စီစဉ်ရတာဖြစ်ပြီး ဆိုလာ ၊ ရေအား ၊ လေအားတွေနဲ့ အကောင်ထည် ဖော်ဖို့ ကြိုးစား ခဲ့ပေမယ့် ကုန်ကျ စရိတ်များပြီး အကျိုး ဖြစ်ထွန်းမှုနည်းတဲ့အတွက် ကျောက်မီးသွေး စီမံကိန်းကို စီစဉ်ရတာလို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောပါတယ်။

ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စု သုံးအိမ် ကျေးရွာနားမှာ Toto Thai Power Myanmar Co,LTD ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ဖို့ စီစဉ်နေတဲ့ ၁၂၈၀ မဂ္ဂဝပ်ရှိ လျှပ်စစ် ဓာတ်အားပေး စီမံကိန်းဟာ မြေဧက ၈၀ဝ ကျော်ပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲ တက်ခဲ့တဲ့ ကုမ္ပဏီဘက်ကတော့ ကုမ္ပဏီက အသုံးပြုမယ့် နည်းပညာတွေကို အဓိကထား ရှင်းပြခဲ့သလို အရပ်ဘက် အဖွဲ့အစည်းတွေဘက်ကလည်း စီမံကိန်း ပွင့်လင်းမြင်သာမှု အပေါ် အဓိကထား မေးခွန်း ထုတ်ခဲ့ ကြပါတယ်။

စီမံကိန်းနဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က တိုင်းတာမှုတွေ ပြုလုပ်ရာမှာ ဒေသခံတွေ သေချာစွာ မသိရှိရခြင်း ၊ စီမံကိန်းကြောင့် မြေသိမ်း ခံရမယ့် ကိစ္စတွေအပါဝင် ရေအရင်းအမြစ်တွေနဲ့ စီမံကိန်း ဧရိယာ နီးကပ်နေခြင်း တို့ကြောင့် ဒေသခံတွေအပါဝင် အရပ်ဘက် အဖွဲ့အစည်းတွေက ယခင်က ကန့်ကွက်မှုတွေ ရှိခဲ့တာပါ။

ဒေသခံ ၂ဝဝ လောက်တက်ခဲ့ပေမယ့် အနည်းစုကသာ မေးမြန်းခွင့်ရခဲ့ပြီး အချိန်အကန့်အသတ်ကြောင့် မေးခွန်း အနည်းငယ်သာ မေးခွင့်ရခဲ့တယ်လို့ ဝတ်ကြီးကျေးရွာအုပ်စု ထုံးတောင် ရွာသားတဦးဖြစ်တဲ့ စောအောင်သန်းထွေးက ဘီဘီစီကို ပြောပါတယ်။

ကျေးရွာသူ ကျေးရွာသား အများစုဟာ လယ်ယာကိုင်းကျွန်း ၊ ရေလုပ်ငန်းတွေနဲ့ အသက်မွေး ဝမ်းကျောင်းပြုသူတွေဖြစ်ပြီး ကျောက်မီးသွေး စီမံကိန်းကြောင့် ဘေးထွက် ဆိုးကျိုးဖြစ်နိုင်မှု အပေါ် အဓိက စိုးရိမ်နေကြတယ်လို့လည်း စောအောင်သန်းထွေးက ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက်က ဘားအံ သုမေဓာရာမ ကျောင်းတိုက်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ သဘောတူညီချက် တစုံတရာ မရခဲ့ဘဲ ဆွေးနွေးပွဲ လာတက်တဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးအပါဝင် ကရင် လက်နက်ကိုင် ကိုယ်စားလှယ်တွေ ဘက်ကတော့ ဝင်ရောက် ဆွေးနွေးတာ မရှိဘူးလို့ ကေအိုင်စီ ကရင်သတင်းစဉ်က ဖော်ပြထားပါတယ်။

ကျောက်မီးသွေး စီမံကိန်းအတွက် လိုအပ်တဲ့ ရေကို သံလွင်မြစ်ကပဲ ရယူမှာဖြစ်ပြီး စီမံကိန်းက ရွာနဲ့ နီးလွန်းတယ် လို့လည်း စောအောင်သန်းထွေးက ပြောပါတယ်။