ကရင်ပြည်နယ်ထဲ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ ဆောက်မယ်

TTCL
ဓာတ်ပုံ ပုံစာ, သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံ ရန်ကုန်မှာ လည်ပတ်နေ

ကရင်ပြည်နယ်ထဲမှာ ထိုင်းကုမ္ပဏီ TTCL က ဒေါ်လာ ၂.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံ တည်ဆောက် သွားဖို့ ရှိနေပါတယ်။

အဲဒီစက်ရုံကို ၂ဝ၂၃ ခုနှစ်မှာ စတင် လည်ပတ်ထားဖို့ ရည်မှန်း ထားပြီး၊ ၁၂၈ဝ မဂ္ဂါဝပ် ထုတ်လုပ်မယ့် ရည်မှန်းချက်ကို ၂ဝ၂၄ မှာ အပြည့်အဝ အကောင် အထည်ဖော်မှာ ဖြစ်တယ် ဆိုပြီး TTCL ရဲ့ အဆင့်မြင့် အရာရှိ တစ်ယောက်ကို ကိုးကားပြီး ရိုက်တာ သတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။

အစိုးရက ၅% နဲ့ TTCL က ၉၅ % ပိုင်ဆိုင်မယ် ဆိုတဲ့ တရားဝင် သဘောတူမှု ထွက်လာဖို့ စောင့်နေတယ်လို့လည်း ဆိုပါတယ်။

နှစ် ၄ဝ မြေငှားရမ်းခွင့်လည်း မြန်မာ အစိုးရဆီက ရလာဖို့ TTCL က မျှော်လင့် နေပါတယ်။

တကယ်လို့ အဲဒီ စက်ရုံ အကောင်အထည် ပေါ်လာပြီဆိုရင် ပြည်ပက တင်သွင်းတဲ့ ကျောက်မီးသွေး ပမာဏ တန်ပေါင်း ၄ သန်း အထိကို လောင်စာအဖြစ် နှစ်စဉ် သုံးစွဲ သွားမှာ ဖြစ်ပါတယ်။

အဲဒီ စက်ရုံဟာ မြန်မာနိုင်ငံထဲ TTCL ရဲ့ ဒုတိယမြောက် ကျောက်မီးသွေးသုံး စက်ရုံ ဖြစ်လာမှာ ဖြစ်ပြီး၊ ၂ဝ၁၃ တုန်းကလည်း ၁၂ဝ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားထုတ် စက်ရုံတစ်ရုံ မွန်ပြည်နယ်ထဲ ဖွင့်လှစ် ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် TTCL ရဲ့ ကုမ္ပဏီခွဲ တစ်ခုဖြစ်တဲ့ တိုယိုထိုင်းပါဝါမြန်မာ ဆိုတဲ့ နာမည်အောက်မှာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံ တစ်ရုံ ရန်ကုန်မှာ လည်ပတ်နေပြီး ၁၂၁ မဂ္ဂါဝပ် ထုတ်လုပ်နေပါတယ်။